
ဝါရင့် အဆိုတော် မွန်းအောင်ရဲ့ နောက်ဆုံးစင်မြင့်ဂီတပွဲ ဖြစ်လာနိုင်တဲ့ “Melody Of Freedom” နွေဦးတော်လှန်ရေး ရန်ပုံငွေဂီတပွဲတွေကို ဂျပန်နိုင်ငံက မြို့ကြီး ၃ မြို့မှာ မေလနဲ့ ဇွန်လအတွင်း ကျင်းပသွားဖို့ ရှိနေပါတယ်။
ဒီဂီတပွဲစဉ်တွေကို တိုကျိုမြို့မှာ မေ ၂၄ ရက်၊ နာဂိုယာမြို့မှာ မေ ၃၁ ရက်နဲ့ အိုကီနာဝါမြို့မှာ ဇွန် ၇ ရက်နေ့တွေမှာ အသီးသီး ကျင်းပသွားမှာပါ။
အဆိုတော် မွန်းအောင်ဟာ ကျန်းမာရေးအခြေအနေကြောင့် ခေတ္တအနားယူတော့မှာဖြစ်လို့ ဒါဟာ နောက်ဆုံးစင်တင်ပွဲစဉ် ဖြစ်နိုင်တဲ့အတွက် ဂျပန်နိုင်ငံတင်မကဘဲ စင်ကာပူနဲ့ ကနေဒါနိုင်ငံတွေက ပရိသတ်တွေပါ လက်မှတ်ဝယ်ပြီး လာရောက်ကြည့်ရှုကြမယ်လို့ ပွဲစီစဉ်သူတွေဆီက ပြောပါတယ်။
အဆိုတော် မွန်းအောင်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေး ရန်ပုံငွေဂီတပွဲတွေကို အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ မလေးရှား၊ ထိုင်းနဲ့ စင်ကာပူ အပါအဝင် နိုင်ငံတကာမှာ လိုက်လံသီဆို ဖျော်ဖြေခဲ့ပါတယ်။
ပွဲကနေ ရလာတဲ့ ရန်ပုံငွေတွေကို စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို လှူဒါန်းခဲ့သလို၊ ကရင်နီဒေသ အပါအဝင် တော်လှန်ရေးနယ်မြေတွေအထိ ကိုယ်တိုင်သွားရောက်ပြီး ခွန်အားပေး ကူညီနေသူလည်း ဖြစ်ပါတယ်။
အခုလို နိုင်ငံတကာမှာ ရန်ပုံငွေဂီတပွဲတွေ လိုက်လံကျင်းပနေတာဟာ လိုအပ်တဲ့နေရာတွေကို ထောက်ပံ့နိုင်ဖို့အပြင်၊ ပြည်ပရောက် တော်လှန်ရေးအင်အားစုတွေ ခွန်အားနဲ့ စုစည်းမှုရရှိဖို့နဲ့ တော်လှန်သူအားလုံးနဲ့ တသားတည်းရှိနေကြောင်း ပြသဖို့ဖြစ်တယ်လို့ အဆိုတော် မွန်းအောင်က ဂီတပွဲတွေမှာ ပြောပါတယ်။
တိုကျိုမြို့နေ မြန်မာ့အရေးလှုပ်ရှားသူ ကိုရဲငြိမ်းက “၁၉၈၀ ကျော်ကာလတွေကတည်းက သူ့သီချင်းတွေကို လူငယ်တွေ ကြိုက်နှစ်သက်ခဲ့ကြတာပါ။ ၈၈ အရေးတော်ပုံကြီး ဖြစ်တော့လည်း ထူးအိမ်သင်နဲ့အတူ တောခိုပြီး ‘အရေးကြီးပြီ’ ဆိုပြီး လူသိများတဲ့ ‘သွေးသစ္စာ’ သီချင်း၊ နောက် ‘သွေးမုန်တိုင်း’ စတဲ့ သီချင်းတွေကနေ အခုအထိ တစိုက်မတ်မတ် နောင်မျိုးဆက်တွေအထိ တော်လှန်နေသူမို့ အားလုံးအတူ ပွဲကိုလာရောက်ပြီး ‘အရေးကြီးပြီ’ သီချင်းကို အတူဆိုရင်း ခွန်အားယူစေချင်တယ်” လို့ ပြောပါတယ်။
ပွဲစီစဉ်သူတယောက်ကလည်း “ကိုမွန်းအောင်ရဲ့ သီချင်းတွေဟာ လူနဲ့တွဲမသိခဲ့ရင်တောင် အားလုံး နားယဉ်ပြီးသား နာမည်ကြီးသီချင်းတွေပါ။ နိုင်ငံရေးအရ ကြည့်ရင်လည်း ဒေါင်ဒေါင်မြည် အဆိုတော်ကြီးပါ။ ဒါကြောင့်လည်း အခုပွဲကို ကျင်းပတာဖြစ်ပြီး ဒီဂျပန်ပွဲက စင်ပေါ်မှာ သီဆိုမဲ့ နောက်ဆုံးပွဲလည်း ဖြစ်နိုင်လို့ ဒီလိုအခွင့်အရေးမျိုး ကြုံရဖို့ မလွယ်ပါဘူး။ လာရောက်အားပေးကြပါ” လို့ ပြောပါတယ်။
အခု ဂျပန်နိုင်ငံပွဲစဉ်တွေကနေ ရရှိတဲ့ ရန်ပုံငွေအားလုံးကို မြန်မာနိုင်ငံအနှံ့က လိုအပ်တဲ့ နေရာတွေကို လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။










