DVB Logo
Home
Lead Story
စစ်ကိုရပ်ကြမလား အသက်ရှူရပ်ကြမလား
DVB
·
October 17, 2018
စစ်ကိုရပ်ကြမလား အသက်ရှူရပ်ကြမလား
Donate to DVB

“ဦးဇေယျရေ လာကြည့်ပါဦးဗျာ”

ကျနော့်အယ်ဒီတာ ကိုပီတာအောင်က သူ့ကွန်ပျူတာပေါ်က ပုံလေးတပုံကို ပြပါတယ်။

ကျိုးပဲ့နေတဲ့ သုံးထပ်သား လေးထောင့်စားပွဲပုကလေး။ စားပွဲပေါ်မှာ ပြန့်ကြဲနေတဲ့ ရေးလက်စ ဗလာစာအုပ်များ။ သွေးအိုင်ထဲက ကွန်ပါဘူး၊ လက်လေးလုံးလောက်မြင့်တဲ့ ဖင်ထိုင်ခုံကလေး။ ထိုင်ခုံကလေးဘေးက မညီမညာ ဖိနပ်ကလေးတရံ၊ အဝါရောင်ကော်ပေတံတချောင်း၊ ပြီးတော့ ဝါယာကြိုးတန်းလန်းနဲ့ တတောင်လောက်ရှိတဲ့ အပြာရောင် သတ္တု အပိုင်းအစတခု။

သတင်းထောက် ကိုပိုင်စိုး ဝေမျှလိုက်တဲ့ လူမှုကွန်ရက်ပေါ်က ပုံကလေး။

ခေါင်းစဉ်က

မသွယ်ဇင်ငြိမ်း .. ၅ တန်းကျောင်းသူ .. လေယာဉ်အပိုင်းအစ ထိ .. ဆေးရုံပို့ပေမယ့် ဆုံးသွား တဲ့။

ရုတ်တရက် ရင်ထဲ ဆို့နစ်သွားခဲ့ပါတယ်။

ကောင်းကင်ပေါ်က ကိုယ့်ဒေါသနဲ့ကိုယ် ပျက်ကျလာတဲ့ စစ်လေယာဉ်ပျံကြီးရယ် စာမေးပွဲဖြေဖို့ စာကျက်နေတဲ့ ကလေးကိုမှ တိုက်တိုက်ဆိုင်ဆိုင် ထိခိုက်စေခဲ့တယ်ဗျာ။

ဒီကလေး နေတဲ့အရပ်ဟာ မိုင်းကွင်းအထပ်ထပ် ကာရံထားတဲ့ သတ်ကွင်းမဟုတ်ပါဘူး။ ထန်းပင်ကလေးတွေ အစီအရီ ဝန်းရံထားတဲ့ ရွာကလေးပါ။

ဒီကလေး စာကျက်နေတဲ့နေရာဟာ စစ်လေယာဉ်တွေကို ပစ်ချနေတဲ့ ကတုပ်ကျင်း မဟုတ်ပါဘူ။ ထန်းလက်ကာတဲ့ တဲကလေးပါ။

သူ့လက်ထဲမှာ လေယာဉ်ပစ်အမြောက် ကိုင်ထားတာ မဟုတ်ပါဘူး။ အိမ်စာတွေ ရေးနေတဲ့ ခဲတံကလေး ကိုင်ထားတာပါ။

ပြန့်ကျဲနေတဲ့ စာရွက်တွေပေါ်မှာ စစ်စခန်းမြေပုံတွေ ရေးထားတာမဟုတ်ပါဘူး။ သူတို့နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ မြေပုံကလေးပါ။

သူစီးတဲ့ ဖိနပ်ကလေးဟာ လူတွေကိုဖိနင်းတဲ့ဖိနပ် မဟုတ်ပါဘူ။ သူ့ခြေဖဝါးကလေးကို မနာကျင်အောင် ကာကွယ်ထားရတဲ့ ဖိနပ်ကလေးပါ။

သူ့အနာဂတ် မျှော်လင့်ချက်ဟာ လူသေအလောင်းတွေ ထပ်နေတဲ့ စခန်းမှာ အောင်လံတွေ စိုက်ထူဖို့ မဟုတ်ပါဘူ။ နောင်နှစ်ခါ စာသင်ခန်းအသစ်မှာ စာသင်ခုံအဟာင်းကလေးကို ဖုန်ခါရင်း  ဒါတို့ပြေ သီချင်းလေးကိုသံပြိုင်ဆိုချင်လို့ပါ။

ခုတော့ သူခေါင်းပေါ်ပြုတ်ကျလာတဲ့ စစ်လေယာဉ်အပိုင်းအစဟာ သူ့အိပ်မက်တွေ ရပ်တန့်လိုက်ပါပြီ။

မသွယ်ဇင်ငြိမ်း  မကွယ်လွန်ခင်တရက် အောက်တိုဘာ ၁၅ ရက်နေ့က တနိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် (အန်စီအေ) သုံးနှစ်မြောက် အခမ်းအနားမှာ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ မှာ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်ကို အပ်နှင်းမယ်လို့ ကတိပေးခဲ့တာ ပူပူနွေးနွေးပဲ ရှိသေးသလို ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီးဖြစ်လာအောင် အားလုံးလက်တွဲပူးပေါင်းပြီး အကောင်အထည် ဖော်ဖို့ကလည်း အင်မတန်အရေးကြီးတယ်” ဆိုတဲ့ စကားကလည်း သတင်းတွေမှာ အသားပေး ဖော်ပြနေချိန်လည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအလင်းရောင် ဖျတ်ကနဲ လင်းလိုက်တဲ့အချိန်မှာ ပျက်ကျလာတဲ့ စစ်လေယာဉ်အပိုင်းအစ ထိမှန်သေဆုံးခဲ့တဲ့ မသွယ်ဇင်ငြိမ်းသတင်းက ရုတ်တရက် လက်ကနဲ ပေါ်ပေါက်လာတာပါ။

ကိုပီတာအောင်ပြတဲ့ အင်တာနက်ပေါ်က မသွယ်ဇင်ငြိမ်းရဲ့ စာသင်ခုံအကျိုးအပဲ့ သတင်းဓာတ်ပုံကလေးကို ငေးကြည့်ရင်း စစ်ဟာ ဆိုင်သူ မဆိုင်သူ၊ ပါဝင်သူ မပါဝင်သူ၊ ပတ်သက်သူ မပတ်သက်သူ မရွေးချယ်ဘဲ ပျက်စီးဆုံးရှုံးတတ်ပါကလားလို့ သတိတရား ရလိုက်ပါတယ်။

တကယ်တော့ စစ်ကိုရပ်အောင်မလုပ်နိုင်ရင် ကျနော်တို့အားလုံး အသက်ရှူရပ်သွားပါလိမ့်မယ်။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013