DVB Logo
Home
မေးမြန်းခန်း
ဖွဲ့စည်းပုံပြင်ဆင်သည့် နည်းသုံးနိုင်ဟု သမ္မတသ၀ဏ်လွှာတွင် ဖော်ပြ
DVB
·
August 20, 2012
ဖွဲ့စည်းပုံပြင်ဆင်သည့် နည်းသုံးနိုင်ဟု သမ္မတသ၀ဏ်လွှာတွင် ဖော်ပြ
Donate to DVB

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့နည်း သုံးနိုင်တယ်လို့ သမ္မတက ပြည်သူ့လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော်က အခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ အဖွဲ့ဝင်တွေကို နုတ်ထွက်ပေးဖို့ တောင်းဆိုထားတာကို နိုင်ငံတော်သမ္မတကနေ ဒီကနေ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ သ၀ဏ်လွှာပေးပို့  တုံ့ပြန်လိုက်တာပါ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ တောင်းဆိုထားတဲ့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တွေဟာ အခြေခံဥပဒေပါအတိုင်း လိုက်နာ ဆောင်ရွက်ထားသလို အပြစ်ကျူးလွန်တာလည်း မရှိတဲ့အတွက် တာဝန်ကနေ နုတ်ထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကနေ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဒီကနေ့ ပေးပို့တဲ့ သ၀ဏ်လွှာမှာ ပါရှိပါတယ်။

လွှတ်တော်ကနေ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်မယ့်အစား တဦးတယောက်ကိုမှ မထိခိုက်စေတဲ့ အခြေခံ ဥပဒေအခန်း ၁၂ ပါ အခွင့်အရေးကို အသုံးပြုရင် သင့်တော်မယ်လို့ သမ္မတက အကြံပြုထားတာပါ။  အခြေခံဥပဒေ အခန်း ၁၂ ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲတာနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ပြဋ္ဌာန်းချက်လည်း ဖြစ်ပါတယ်။

ဒါဟာ သမ္မတသစ်ရဲ့ တာဝန်ထမ်းဆောင်ပြီး ၁၈ လအကြာမှာ အခုလို အခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်ကို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ပြည်ထောင်စု အခြေခံဥပဒေခုံရုံးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ အဖွဲ့ဝင် ၈ ဦးက သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး ဦးသိန်းစိုးက သတင်းထောက်တွေကို အခြေခံဥပဒေနဲ့အညီ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ပေးမှာ မဟုတ်ဘူးဆိုတာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှ အနားယူစေလို့ မရဘူးဆိုတာ ပြောသလို တပြိုင်တည်းမှာပဲ  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်တဲ့အတွက် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်နိုင်ခွင့် ရှိပါတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထား သိရဖို့ သီပေါမြို့နယ် ကိုယ်စားလှယ် ဦးရဲထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

“အဲ့ကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံး ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးခါနီးမှာ ဦးရွှေမန်းက သမ္မတရဲ့ သ၀ဏ်လွှာကို ဖတ်ပြရင်းနဲ့ ခုံရုံးဆုံးဖြတ်ချက်က ဘယ်လောက်မှားနေကြောင်း သူက ရှင်းပြတာပဲ။ သမ္မတရဲ့ သ၀ဏ်လွှာထဲမှာ ထူးခြားတာကတော့ ခုံရုံးဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ အဲလိုတော့ ဖြေရှင်းချက် မပြောဘူး။ ဒါကို တင်ရတဲ့ အကြောင်းအရင်းက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုရင် သူတို့နဲ့ ထိုက်တန်တဲ့ လစာတွေ၊ facility တွေပေးဖို့အတွက် သူတို့မှာ တာဝန်ရှိလာလို့ ဒါကို အဓိပ္ပာယ် ဖွင့်ခိုင်းတာလို့ အကြောင်းရင်းကိုတော့ ပြန်ပြောသွားတယ်။”

ခုနက ပြောတဲ့အထဲမှာ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ခုံရုံးအဖွဲ့က မှားတယ်ဆိုတာ သူဘာတွေကို ပြောတာလဲ၊ ဘာတွေထောက်ပြသွားတာလဲ။

“ခုံရုံးရဲ့ တာဝန် ၀တ္တရားတွေထဲမှာ ကျနော်တို့ လွှတ်တော်တွေက ပြုစုလိုက်တဲ့ အသစ်ပြဋ္ဌာန်းမယ့် ဥပဒေတွေဟာ အခြေခံ ဥပဒေနဲ့ ညီမညီ ပြည်နယ်နဲ့ တိုင်းဒေသကြီးက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေများဟာ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ဟာနဲ့ ဆန့်ကျင်နေမှု ရှိမရှိ၊ သမ္မတနဲ့ လွှတ်တော်ကြားမှာ တကယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ စကားလုံး အဓိပ္ပာယ်တွေနဲ့ ပတ်သက်လို့ အဓိပ္ပာယ် ဖွင့်ဆိုတာ ကွဲလွဲမှု ရှိနေရင် အဲဒီလို အခြေအနေမှာ သူက ဒါကို တာဝန်တရပ်အနေနဲ့ ထမ်းဆောင်ဖို့ပဲ ရှိတယ်။”

“အခု သူတို့ပြောလိုက်တဲ့ လွှတ်တော်အသီးသီးက ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့များဟာ ပြည်ထောင်စုအဆင့်ဖြစ်ပြီလို့ သတ်မှတ်ထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီပါဆိုတာက တိုက်ရိုက်အားဖြင့် လွှတ်တော်တွေမပေါ်ခင်က နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ၂၂ ခု ရှိတယ်။ အဲမှာ ပြည်သူ့လွှတ်တော်ဥပဒေ၊ အမျိုးသားလွှတ်တော် ဥပဒေနဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေတွေရဲ့ စကားလုံး၊ စကားရပ်တွေ၊ အဓိပ္ပာယ်ဖွင့်တဲ့ ထိပ်ဆုံးစာမျက်နှာ ပုဒ်မ ၂(စ) လောက်မှာ ဒါနဲ့ ပတ်သက်လို့ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာရှိတယ်။ အဲထဲမှာ တိတိကျကျ ဖွင့်ဆိုထားတာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်တာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်၊ ဒါကို ခုံရုံးက သုံးသပ်သလို ဖြစ်သွားတဲ့အတွက်ကြောင့် လုပ်ရမယ်လို့ သတ်မှတ်မထားတဲ့ အလုပ်ကို လုပ်တာပေါ့လေ။ ဒါကို ဦးရွှေမန်းက ပြန်ရှင်းပြသွားတယ်။”

ဒါဆို လွှတ်တော်ကနေ ဘာဆက်လုပ်မလဲ၊ ဦးရွှေမန်းက ပြောပြသွားတာ ရှိပါလား။

“သူ့ရဲ့လုပ်ငန်းစဉ်အရကို ၃၀၁ ယောက်က လက်မှတ်ထိုးတာကိုက စွပ်စွဲပြစ်တင် (impeachment) လုပ်ဖို့ တောင်းဆိုတဲ့ တောင်းဆိုချက်။ တောင်းဆိုတာကို လွှတ်တော်ဥက္ကဋ္ဌ တယောက်က ငြင်းပယ်လို့မရဘူး။ သူ့အနေနဲ့က ခေတ္တ သည်းခံစောင့်ပေးပါဆိုပြီးတော့ ၁ ပတ်အချိန် တောင်းပြီးတော့ သမ္မတကို ညှိနှိုင်းတဲ့ သ၀ဏ်လွှာပို့တာပါပဲ။ သမ္မတကလည်း ဒါ ဆုံးဖြတ်ထားပြီးသားကိစ္စကို ပြန်လည်ရုပ်သိမ်းတာတို့၊ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းတာ (withdraw) တို့၊ နောက် ခုံရုံးကို နားပါလို့ သမ္မတအနေနဲ့ ညွှန်ကြားတာတို့ လုပ်လို့မရဘူး။ လွတ်လပ်တဲ့ အဖွဲ့အစည်း ၃ ရပ် ဖြစ်တယ်ဆိုပြီး သမ္မတကလည်း ပြန်ဖြေရှင်းတယ်။ ဒါကြောင့် လွှတ်တော်အနေနဲ့ လုပ်စရာရှိတာ ဆက်လုပ်ပါဆိုတဲ့ အဓိပ္ပာယ်ပါ။ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ကလည်း ဒါကို agenda ထဲမှာ သင့်တော်တဲ့ရက်မှာ ထည့်ပြီးတော့ ဆွေးနွေးပြီးတဲ့အခါ မဲခွဲဆုံးဖြတ်ရပါလိမ့်မယ်။”

မဲခွဲဆုံးဖြတ်တဲ့အခါ ဆရာတို့က ဘာလုပ်လို့ရမလဲ။ အခြေခံဥပေဒခုံရုံးက အဖွဲ့ဝင်တွေ အားလုံးကို နုတ်ထွက်ပေးဖို့ တောင်းဆိုလို့ရမလား။

“ကျနော်တို့ လက်မှတ်ထိုးပြီး တင်လိုက်တဲ့ စာမှာကိုက သူ့ရဲ့ကျူးလွန်တဲ့ အပြစ်တွေ ရေးထားပြီးသား အဲဒါအရ စွပ်စွဲပြစ်တင်ပါတယ်ဆိုတဲ့ တောင်းဆိုစာဖြစ်တော့ ဒါကို လွှတ်တော်ဥက္ကဋ္ဌက သင့်တော်တဲ့ရက်မှာ မဲခွဲဆုံးဖြတ်လိုက်တဲ့အခါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၃ ပုံ ၂ ပုံ မဲရဖို့ လိုတယ်။ မဲ ရပြီဆိုရင် ဒီအဆိုဟာ နိုင်သွားပြီး ဟိုဘက်က အမျိုးသားလွှတ်တော်က ခုံဖွဲ့ရမယ်။ ခုံဖွဲ့ပြီးပြီဆိုရင် ခုံရုံးကိုခေါ်ပြီး စစ်ဆေးရမယ်။ ခုံရုံးကလည်း လျှောက်လဲချက်ပေးနိုင်တယ်၊ သူတို့ဘက်က ဘာကြောင့် ဒီလိုဆုံးဖြတ်ရတယ် ဆိုတာကို အစစ်ခံရမယ်၊ ဖြေရှင်းခွင့်ရှိတယ်။ အမျိုးသားလွှတ်တော်ရဲ့ စစ်ဆေးချက်တွေကို အမျိုးသားလွှတ်တော်မှာပဲ ပြန်ပြီးတော့ ဆွေးနွေးရမယ်။ ဆွေးနွေးတဲ့အခါ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ခုံရုံးဘက်ကရပ်တည်တာလည်း ရှိကောင်း ရှိမယ်။ စွပ်စွဲပြစ်တင်တာကို ထောက်ခံတာ ရှိကောင်း ရှိမယ်။ အဲလို ကျေကျေလည်လည် ဆွေးနွေးပြီးရင် မဲခွဲမယ်၊ မဲခွဲတဲ့အခါ စွပ်စွဲပြစ်တင်မှုကို ထောက်ခံတဲ့ မဲ ၃ ပုံ ၂ ပုံရရင် လွှတ်တော် ၂ ရပ်လုံးက ဆုံးဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်သွားပြီးတော့ ပြည်ထောင်စုလွှတ်တော် နာယက သမ္မတဆီ သ၀ဏ်လွှာပို့ပြီးတော့ ခုံရုံးကို သမ္မတရဲ့ လက်မှတ်ထိုးထားတဲ့ အမိန့်နဲ့ တာဝန်ကနေ ရပ်စဲစေရမယ်။”

နောက်တခုက ဒီနေ့မှာပဲ (ဩဂုတ် ၂၀) မှာပဲ ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးက သတင်းစာရှင်းလင်းပွဲမှာ သူပြောသွားတာ ရှိတယ်။ သူတို့ထွက်သွားပေမယ့် ခုံရုံးကနေ တရားရုံးလို ဥပဒေနဲ့အညီ ဆုံးဖြတ်ခဲ့တဲ့အတွက် ဒါကြီးကလည်း အတည်ဖြစ်နေမယ်လို့ သူပြောတယ်လေ။

“ဒါက ကျနော်နားလည်တာက တခြားပြစ်ချက်နဲ့ သူတို့ကို စွပ်စွဲပြစ်တင်ပြီးတော့ ဖြုတ်ချလိုက်ရင်တော့ ဟုတ်ပါတယ်။ အခု သူတို့ဆုံးဖြတ်တဲ့ အချက်ကိုက မှားနေပြီးတော့ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မညီဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကလည်း မှားနေတယ်ဆိုတာကို ကိုင်ပြီးတော့ ကျနော်တို့က စွပ်စွဲပြစ်တင်လို့ ဒီအဖွဲ့ပြုတ်သွားမယ်ဆိုရင်တော့ သူတို့ဆုံးဖြတ်ချက်က တခါတည်း ပျက်သွားမှာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013