DVB Logo
Home
မြန်မာသတင်း
စားနပ်ရိက္ခာနှင့် ကျေးလက်ဖွံ့ဖြိုးရေးမလုပ်နိုင်ပါက ငတ်မွတ်မှုမပျောက်နိုင်ဟု ဒုသမ္မတ ပြော
DVB
·
October 17, 2018
စားနပ်ရိက္ခာနှင့် ကျေးလက်ဖွံ့ဖြိုးရေးမလုပ်နိုင်ပါက ငတ်မွတ်မှုမပျောက်နိုင်ဟု ဒုသမ္မတ ပြော
Donate to DVB

စားရေရိက္ခာ ဖူလုံရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ရင် ၂၀၃၀ မှာငတ်မွတ်ခေါင်းပါးမှုပပျောက်ရေးဆိုတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့  ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောပါတယ်။

နေပြည်တော်မှာ အောက်တိုဘာ ၁၆ ရက်က ကျင်းပတဲ့  ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပြီး ငတ်မွတ်ခေါင်းပါးမှုကို ပပျောက်အောင် မဆောင်ရွက်နိုင်ရင်  အာဟာရပြည့်ဝဖို့၊ ကျန်းမာကြံ့ခိုင်ဖို့၊ ပညာရည်မြင့်မားဖို့နဲ့ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ပြောပါတယ်။

အစိုးရအနေနဲ့ စားနပ်ရိက္ခာဖူလုံဖို့၊ ဘေးကင်းလုံခြုံဖို့နဲ့ အာဟာရပြည့်ဝရေးကဏ္ဍတွေမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် မယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် ဆက်စပ်နေတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးဖို့၊ လယ်ယာထုတ်ကုန်မြှင့်တင်ဖို့၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ဖို့  စတဲ့ ကဏ္ဍတွေမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာ၊ အခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံး လုပ်နည်းတွေ ပြင်ဆင်ပြဋ္ဌာန်းပေးတာ စတဲ့ လုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တဆင့် ဆောင်ရွက်ပေးမယ်လို့  ဒုသမ္မတက ပြောပါတယ်။

အလားတူ စားနပ်ရိက္ခာတွေ လေလွင့်မှုမရှိစေဖို့  တိုးလာမယ့် လူဦးရေ(၉)ဘီလီယံ အတွက် စားနပ်ရိက္ခာတွေ တိုးတက်ထုတ်လုပ်နိုင်ဖို့၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စနစ်တကျစားသုံးနိုင်ဖို့ နိုင်ငံသားအားလုံးကြိုးပမ်းလုပ်ဆောင်မှပဲ ၂၀၃၀ ခုနှစ်မှာ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေးရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မယ်လို့လည်း ပြောပါတယ်။

အခုနှစ်  ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဆောင်ပုဒ်က “ငတ်မွတ်ကင်းစင် ၂၀၃၀ တွင် တို့ရဲ့ အနာဂတ်တို့ပြင်ဆင်” ဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ၂၀၁၇ ခုနှစ် အစီရင်ခံစာအရ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၈၁၅ သန်းကျော်ဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ပြင်းပြင်းထန်ထန်နဲ့  ကာလရှည်ခံစား နေကြရပြီး အဲ့ဒီကိန်းဂဏန်းဟာ ၂၀၁၅ ခုနှစ်ကထက် ၃၈ သန်းကျော် တိုးတက် များပြားလာတာ ဖြစ်ပါတယ်။

၅ နှစ်အောက်ကလေးငယ် ၁၅၅ သန်းဟာ ကြုံလှီသေးကွေးနေကြပြီး အလွန်အမင်း ဆင်းရဲသူ အားလုံးအနက်(၈၀)ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတယ်။ သူတို့ဟာ စိုက်ပျိုးရေးနဲ့ အသက်မွေးကြတယ်လို့  အစီရင်ခံစာက ဖော်ပြပါတယ်။

ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013