DVB Logo
Home
မြန်မာသတင်း
တခုတည်းသောတပ်မတော်ထားရှိရေး ဆက်လက်ညှိနှိုင်းဆွေးနွေးရန် သဘောတူ
DVB
·
October 17, 2018
တခုတည်းသောတပ်မတော်ထားရှိရေး ဆက်လက်ညှိနှိုင်းဆွေးနွေးရန် သဘောတူ
Donate to DVB

တခုတည်းသောတပ်မတော်ထားရှိရေး ဆက်လက်ညှိနှိုင်းရန် သဘောတူနိုင်ခဲ့ပြီး ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စတွေအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နိုဝင်ဘာထဲမှာ ဆွေးနွေးကြဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ဒေါက်တာ လျန်မှုန်းဆာခေါင်းက ပြောပါတယ်။

အစိုးရနဲ့ အန်စီအေ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်တွေက ကျင်းပတဲ့ သီးသန့် တွေ့ဆုံပွဲကနေ အခုလို သဘောတူနိုင်ခဲ့တာလို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က တိုင်းပြည်တခုမှာ တခုတည်းသောတပ်မတော် ရှိရမယ်ဆိုတဲ့ အချက်ကို အပြည့်အဝလက်ခံပြီး သဘောတူခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ဒေါက်တာ လျန်မှုန်းဆာခေါင်းက ပြောပါတယ်။

"သို့သော် အဲဒီတပ်မတော်ကို ဘယ်လိုပုံစံမျိုးတပ်မတော် ဖြစ်စေရမယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဆက်ပြီးတော့ လုပ်ရမယ်ဆိုတဲ့ အပိုင်းကျတော့ ဆက်လက်ညှိနှိုင်းမယ်။ အဲဒီ တခုတည်းသော တပ်မတော်ရဲ့ ဖွဲ့စည်းပုံတို့၊ အလုပ်လုပ်ရမယ့် ပုံစံတို့ကို ဆက်ဆွေးနွေးမယ်ဆိုပြီး သဘောတူလိုက်ပါတယ်" လို့ ဆိုပါတယ်။

ပဒိုစောကွယ်ထူးဝင်းကလည်း “ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာ တပ်မတော်တခုတည်းရှိတာကို လက်ခံတယ်၊ သို့သော် တခုတည်းသော တပ်မတော်နဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ တပ်မတော်ကို ဘယ်လိုဖွဲ့စည်းမလဲ ဆိုတာကို ဆွေးနွေး သဘောတူညီမှု ရခဲ့ပါတယ်” လို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ နိုဝင်ဘာလထဲမှာ တွေ့ဆုံဆွေးနွေးပြီး အဖြေတခု ပြန်ပေးမယ်ဆိုတဲ့ အချက်ကိုလည်း အစိုးရဘက်က သဘောတူ လက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာ လျန်မှုန်းဆာခေါင်းက "တနိုင်ငံလုံးကိစ္စ ဖြစ်တဲ့အတွက်ကြောင့် ဒီ ၁၀ ဖွဲ့လောက်နဲ့ ဆုံးဖြတ်တာမျိုး မဟုတ်ဘဲနဲ့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့ တိုင်ပင်ဖို့ အချိန်ခဏပေးပါဆိုပြီး ကျနော်တို့က မေတ္တာရပ်ခံတယ်။ နိုဝင်ဘာလမကုန်ခင် ပြန်တွေ့ဖို့ ချိန်ထားပါတယ်။ အဲဒီ နိုဝင်ဘာလ မကုန်ခင်မှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ လက်မှတ်ထိုးပြီး ၁၀ ဖွဲ့ တွေ့ဆုံပြီးလို့ရှိရင် တိကျတဲ့ အဖြေပေးနိုင်ဖို့အတွက် ကြိုးစားသွားမှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ခွဲမထွက်ရေးနဲ့ပတ်သက်လို့ နှစ်ဖက် စိုးရိမ်မှုတွေ ရှိနေပေမယ့် နှစ်ဖက်ခေါင်းဆောင်တွေ အနေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆွေးနွေးပွဲအပြီး နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013