
ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ အလုပ်ထုတ်ခံရတဲ့အပေါ် အလုပ်ပြန်ခန့်ဖို့ အောက်တိုဘာလ ၁၆ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးမှာ ညှိနှိုင်းခဲ့ပေမယ့် အလုပ်ရှင်ဘက်က ငြင်းဆိုခဲ့ပါတယ်။
ဖုယွင်အထည်ချုပ်စက်ရုံမှာ အောက်တိုဘာ ၁၅ ရက်က ဆန္ဒပြအလုပ်သမားတွေနဲ့ စက်ရုံအလုပ်သမားတွေ အချင်းချင်းပဋိပက္ခဖြစ်တဲ့အပေါ် စက်ရုံဘက်ကလူတချို့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စက်ရုံအလုပ်သမား ၂၅ ဦး ဆေးရုံတင်ပို့ခဲ့ရပါတယ်။
အဲဒီအလုပ်ရှင်အလုပ်သမား ပဋိပက္ခပြေလည်ဖို့အတွက် ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်အပါအဝင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအရာရှိတွေ၊ မြို့နယ်အဆင့် အလုပ်ရှင်အလုပ်သမားခုံသမာဓိအဖွဲ့ဝင်တွေနဲ့ အလုပ်ရှင်အလုပ်သမားတွေ့ဆုံ ဆွေးနွေးခဲ့တာပါ။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်က “ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်ရှင် အနေနဲ့ အစိုးရက အနည်းဆုံးလုပ်ခလစာ တိုးမြှင့်လိုက်တဲ့အပေါ် အလုပ်သမား ၅၀ ဦး လျော့ချဖို့တင်ပြထားပေမယ့် အလုပ်သမားသမဂ္ဂ အဖွဲ့ခေါင်းဆောင်တွေနဲ့ သမဂ္ဂဝင် အယောက် ၃၀ပဲ အလုပ်ထုတ်တာ၊ အလုပ်သမားတွေအပေါ် သတိပေးစာ ၃ ကြိမ်ပေးပြီး အလုပ်ထုတ် ရမယ်လို့ ဥပဒေမှာပါပေမယ့် အလုပ်ရှင်ဘက်က ညဘက်ဖိတ်စာပေးပြီး အလုပ်ထုတ်တာတွေ ကြောင့် တည်ဆဲဥပဒေနဲ့မညီဘူး”လို့ အလုပ်ရှင်ဘက်ကို ပြောပါတယ်။
အဲဒီလို ဥပဒေနဲ့မညီတဲ့အပေါ် အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်ရှင်ကို တိုက်တွန်းခဲ့တာပါ။
အဲဒီလိုတိုက်တွန်းခဲ့ပေမယ့် အလုပ်ရှင်ဘက်က အလုပ်သမား ၃၀ ကို အလုပ်ပြန်မခန့် နိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဖုယွင်အထည်ချုပ်က အလုပ်သမားတွေကို ဩဂုတ်လထဲက အလုပ်ထုတ်လိုက်တာကြောင့် စက်ရုံအရှေ့နဲ့ဘေးဘက်မှာ အလုပ်သမား၂၀၀လောက်က သပိတ်စခန်းဖွင့်ဆန္ဒပြနေတာပါ။
အလုပ်သမားတွေ အခင်းဖြစ်ပွားတဲ့အပေါ် စက်ရုံအနောက်ဘက်ဝင်ပေါက်ကို တိုင်း အဆင့် ရဲတပ်ဖွဲ့ဝင်တွေလာရောက်ပြီး လုံခြုံရေးတာဝန်ယူနေပါတယ်။ အလုပ်သမားတွေ ကိုတော့ ရပ်ကွက်နေပြည်သူတွေနဲ့ မိသားစုအချို့က လုံခြုံရေးအတွက် စောင့်ကြည့်နေတာ လည်း ရှိပါတယ်။











