DVB Logo
Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ် ဘူးသီးတောင်၊ မောင်တောဒေသခံများနှင့် တွေ့ဆုံ
DVB
·
October 15, 2018
ကုလအထူးကိုယ်စားလှယ် ဘူးသီးတောင်၊ မောင်တောဒေသခံများနှင့် တွေ့ဆုံ
1 / 4
Donate to DVB

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရွှာနာဘာဂီနာဟာ ဒီနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တော ဒေသကို ရောက်လာပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စဘာဂီနာ ဦးဆောင်တဲ့အဖွဲ့ဟာ အောက်တိုဘာ ၁၅ရက် မနက်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ စစ်တွေမြို့ကနေ မောင်တောသို့ ရောက်ရှိလာတာဖြစ်ပါတယ်။

မောင်တောမြို့ကနေ ဘူးသီးတောင်မြို့ကို ဆက်လက်ထွက်ခွာခဲ့ပြီး ဒေသခံ ခေါင်းဆောင်တွေကို သီးခြားလိုက်လံတွေ့ဆုံကာ ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ရင်းနှီးချစ်ကြည်ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

ဒေသခံကိုညီညီက “ကျနော်တို့ ဘူးသီးတောင်၊ မောင်တောဒေသမှာ ရခိုင်တွေအနေနဲ့ ဘင်္ဂလီနဲ့ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ပြီး အကြမ်းဖက်အဖွဲ့ဟာ ဒီဒေသကို အမြဲလိုလို တိုက်ခိုက်တာတွေ ပြုလုပ်နေတာဖြစ်တယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အသစ်ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး ဘူးသီး​တောင်​​ဈေးမှာ ရခိုင်​၊ ဘင်္ဂလီ၊ ဟိန္ဒူ ယှဉ်​တွဲ​ရောင်း​ချဝယ်​ယူ​နေတာတွေကို လိုက်လံလေ့လာခဲ့သလို ​ဘူးသီးတောင်ဆေးရုံကိုလည်း သွားရောက်ခဲ့ပါတယ်။

ဘင်္ဂလီ ရပ်မိရပ်ဖ ဦးမြင့်ဆွေက “ကျနော်တို့ တင်ပြတာကတော့ နိုင်ငံသားကိစ္စ၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်များကိုတင်ပြခဲ့ပါတယ်၊ သူကတော့ အစိုးရတာဝန်ရှိ သူတွေထံ တင်ပြပေး ပါမယ်ပေးမယ်လို့ ပြောသွားတယ်”လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် ပဋိပက္ခတွေကြောင့် လူဦးရေသိန်းနဲ့ချီ နေရပ်စွန်ခွာခဲ့ပြီးနောက်ပိုင်းမှာ နေရပ်ပြန်လာနိုင်ဖို့အတွက် မြန်မာ ဘက်က  ပြန်ခေါ်နေပေမယ့် ပြန်လည်ဝင်ရောက်နေထိုင်သူ အနည်းငယ်သာ ရှိနေတာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီး နှစ်နဲ့ချီကြာနေပြီဖြစ်ပေမယ့်  ဒေသခံတွေအကြား ခုချိန်အထိ စိုးရိမ်မှုတွေက ရှိနေဆဲဖြစ်ပါတယ်။

သတင်း - ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013