DVB Logo
Home
မြန်မာသတင်း
ဒေါ်ညိုညိုသင်းတိုင်ထားသည့်ကိစ္စ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စတင်ကိုင်တွယ်
DVB
·
October 15, 2018
ဒေါ်ညိုညိုသင်းတိုင်ထားသည့်ကိစ္စ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စတင်ကိုင်တွယ်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြထားတဲ့ နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် စုံစမ်းစစ်ဆေးအရေးယူနိုင်ဖို့ ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက တိုင်ကြားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒီနေ့အောက်တိုဘာ ၁၅ရက်နေ့မှာ စတင်ကိုယ်တွယ်ဆောင်ရွက်နေပြီလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဒုညွန်ကြားရေးမှူး ဦးကျော်စိုးက  ဒီဗွီဘီကိုပြောပါတယ်။

“သူရဲ့တိုင်ကြားစာက ကျနော်တို့ ကော်မရှင်ကို ပြီးခဲ့တဲ့အောက်တိုဘာ ၁၂ရက် (သောကြာနေ့) ညနေပိုင်းလောက်မှရောက်တယ်။ အဲ့နေ့က ကျနော်တို့က ရုံးဆင်းတဲ့အချိန် နောက်ရက်ကလည်း ပိတ်ရက်တွေဆိုတော့တိုင်စာကို ဒီနေ့မှ စတင်ဆောင်ရွက်ရမယ်။ လုပ်ထုံးလုပ်နည်းအရတော့ ကော်မရှင်အနေနဲ့ ဒီတိုင်ကြားစာကို အဖွဲ့ဝင် ၆ ဦးပါတဲ့ တိုင်ကြားစာစိစစ်ရေး ကော်မရှင်ကို အရင်ဆုံးပို့မှာပါ။ အဲ့ဒီ ကော်မရှင်က ပြန်ကျလာတဲ့ အစီရင်ခံစာကိုမှ ကျနော်တို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌတို့ ဒုဥက္ကဋ္ဌ တို့က ဘယ်လိုဆက်ပြီးဆောင်ရွက်မယ်ဆိုတာ ဆုံးဖြတ်သွားမှာပါ”

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ဒေါ်ညိုညိုသင်း တိုင်ကြားထားတဲ့ တိုင်ကြားစာထဲမှာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း လူပုဂ္ဂိုလ်တဦးတည်းကို ပေ ၄၀ × ပေ ၆၀ ရှိမြေကွက် ၂၁ ကွက်စာအကျယ်အ၀န်းကို သက်သာတဲ့ဈေးနှုန်းထားနဲ့ ရောင်းချထားကြောင်း ပုဂ္ဂလိကလုပ်ငန်းရှင်အချို့ကို စီမံကိန်းအကြောင်းပြပြီး မြေဧကထောင်ချီပေးထားတဲ့ ကိစ္စတွေ အပါအ၀င် ဒီမြေကွက်တွေ အတွက်မြေဂရန်ဝန်ဆောင်ခတွေ သတ်မှတ်ရာမှာ ဂရန်သစ် ၀န်ဆောင်ခနှုန်းနဲ့ မကောက်ခံတာကြောင့် နိုင်ငံတော်ဝင်ငွေအနည်းဆုံး ကျပ် ၄၁ ဒသမ ၉၇ ဘီလီယံကျော် နစ်နာတယ်လို့အစီရင်ခံစာမှာဖော်ပြထားတယ်လို့ တိုင်ကြားစာပါ ပါဝင်ပါတယ်။

ဒေါ်ညိုညိုသင်းက “တိုင်စာမှာတော့ သေချာရှင်းပြထားတယ်။ ဒါက ကျော်ဇောသတင်းလည်းဖြစ်တယ်။ အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ နဲ့ငြိစွန်းတယ်ဆိုရင် အဂတိလိုက်စားမှုဖြစ်တယ်လို့ အတိအလင်း ဖော်ပြထားတော့၊ နောက် ခိုင်လုံတဲ့ အထောက်အထားကတော့ ရန်ကုန်တိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာလောက် ခိုင်လုံတဲ့ အထောက်အထားဆိုတာ မရှိတော့ဘူး။ အဲဒါကြောင့် အဲဒီကိစ္စ ၅ ခုကို ဖော်ထုတ်ပေးဖို့ ကျမက တိုင်လိုက်တာပါ”လို့ ပြောပါတယ်။

ဒေါ်ညိုညိုသင်းရဲ့တိုင်စာနဲ့ ပတ်သက်ပြီး  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ တိုင်ကြားစာစိစစ်ရေး ကော်မတီအနေနဲ့ အချိန်တပတ်ခန့်ယူရမယ်လို ပြောဆိုထားပြီး အရေးယူမှုနဲ့ စုံစမ်းစစ်ဆေးရေး အပိုင်းကိုတော့ စိစစ်ရေးကော်မတီက စစ်ဆေးပြီးမှဘဲ ဆက်လက်ဆောင်ရွက်သွားမယ်လို့ကော်မရှင်က ပြောပါတယ်။

“အဂတိကော်မရှင်ကို နေ့စဉ်တိုင်ကြားစာက အစောင် ၅၀ကနေ ၆၀ ထိရှိတယ်။ တချို့ တိုင်စာတွေကြတော့စာမျက်နှာ ၂ရွက် ၃ရွက်လောက်ဆိုတော့မြန်ပါတယ်။ တချို့ဟာကြတော့ အစီရင်ခံစာဟာလိုမျိုးတွေပါလာတော့ သေချာစိစစ်ရတယ်။ အဲ့ဒါမျိုးကြတော့ အချိန်တပတ် ကနေ နှစ်ပတ်ထိ ကြာတတ်ပါတယ်”လို့ ဦးကျော်စိုးကပြောပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုတိုင်ကြားတာမဟုတ်တဲ့အကြောင်းနဲ့  နိုင်ငံတော်က ဆုံးရှူံးနေတဲ့ လုပ်ငန်း ငါးခုမှာ တာဝန်ရှိနေတဲ့သူတွေကို တိုင်ကြားတာ ဖြစ်တယ်လို့လည်း  ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းကပြောပါတယ်။

“ဒီကိစ္စမှာ တာဝန်ရှိသူတွေက အခု တိုင်းအစိုးရလည်း ဖြစ်ချင်မှဖြစ်မယ်လေ။ တခြားသူတွေလည်း ဖြစ်ချင်ဖြစ်မယ်။ နောက်ကွယ်က လက်မည်းကြီး တွေလည်း ဖြစ်ချင်ဖြစ်မယ်။ လူတယောက်တည်းက မြေဧက ၅၀၀ ကျော် ၆၀၀ ယူထား တယ်ဆိုတဲ့ အာဏာရှိတယ်ဆိုတဲ့ သူတွေက နည်းတဲ့သူတွေတော့မဟုတ်ဘူးလေ။ ကြီးကြီး ကြီးတွေပဲလေ။ အဲတော့ သူတို့တွေနဲ့ပတ်သက်ခဲ့ပြီး လုပ်ကိုင်ခဲ့ပြီးတော့ ဆောင်ရွက်ခဲ့တဲ့သူတွေ ပေါ်မှာ တာဝန်ရှိတယ်။ ဒီနေရာမှာ ရှင်းစေချင်တာက အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတော့ သူတို့ကို ပြစ်ဒဏ်ချတာ ပြစ်ဒဏ်မချတာကို ရည်ရွယ်တာမဟုတ်ဘူး။ နိုင်ငံတော်မှာ ဒီလောက် ဆုံးရှူံးမှုကြီးရှိနေတဲ့ အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ အဲဒီကြီးမားတဲ့ဆုံးရှူံး နစ်နာမှုကို ရသင့်တယ်ပေါ့နော်လို့”

အစီရင်ခံစာရဲ့ ဖော်ပြချက်အရ ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းရှိ စီမံကိန်းကြောင့် နိုင်ငံတော်ဟာ ကျပ် ၉ ဒသမ ၂ ဘီလီယံနစ်နာကြောင်း၊ ဗဟန်းမြို့နယ်မှာ ငှားရမ်းထားတဲ့ မြေ ၁၅ ဧကအတွက်နှစ်စဉ်ကျပ် ၃ ဒသမ ၈ ဘီလီယံ ဆုံးရှုံးနေပြီး ကန်တော်ကြီး၊ ကန်တော်မင်နဲ့  မြိုင်ဟေ၀န်ဥယျာဉ်တွေကနေ နှစ်စဉ်ကျပ် ၂ ဘီလီယံနစ်နာနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013