DVB Logo
Home
မြန်မာသတင်း
ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုတည်ဆောက်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
DVB
·
October 15, 2018
ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုတည်ဆောက်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
Donate to DVB

ပြည်ထောင်စုကနေခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့ ခွဲထွက်စရာ မလိုတဲ့ ပြည်ထောင်စုတည်ဆောက်အကောင်အထည်ဖော်ရေးကလည်း အင်မတန် အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော်မှာ အောက်တိုဘာ ၁၅ ရက် ဒီနေ့လုပ်တဲ့ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုး NCA-S EAO ခေါင်းဆောင်တွေ သီးသန့်အစည်းအဝေးမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာ ဖြစ်ပါတယ်။

“ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီးဖြစ်လာအောင် အားလုံးလက်တွဲပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ကလည်း အင်မတန်အရေးကြီးတယ် ဆိုတာကို ပြောချင်ပါတယ်။ စိုးရိမ်မှုတွေဖြစ်တည်လာစေတဲ့ သမိုင်းကြောင်း အဖြစ်အပျက်တွေကို ကျမတို့ အသိအမှတ်ပြုဖို့ လိုပါတယ်။”

အတိတ်သမိုင်းက ရုန်းထပြီး အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဦးတည်လျှောက်လှမ်းဖို့လည်း အရေးကြီးတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ စုံစုံညီညီရှိနေ တုန်းအလေးအနက်ပြောလိုတဲ့ အချက် ၃ချက် ရှိတယ်ဆိုပြီး ခွဲမထွက်ရေးကိစ္စကို စပြောပါတယ်။

အဲ့ဒီနောက် ဒုတိယအချက်အနေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ဖို့ နိုင်ငံရေးသဘောတူညီချက်တွေကို ဘယ်လိုရယူကြမလည်းဆိုတဲ့အချက် ဖြစ်တယ်။

စိတ်ကူးစံပြုဖက်ဒရယ်အိပ်မက်ကတဘက်မှာ ရှိနေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရှိတရားကလည်း တဘက်မှာ ရှိနေတယ်။ ဒီနှစ်ခုကြားမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားစေတဲ့ အကြောင်းရင်းခံတွေကို တခုချင်း ဆွေးနွေးညှိနှိုင်းပြီးတဆင့်ချင်း ရှေဆက်လျှောက်နိုင်ရင် ဖြစ်နိုင်ခြေလည်းရှိ လက်တွေ့လည်း ကျတဲ့ အခြေအနေရှိတယ်လို့လည်း ပြောပါတယ်။

တတိယအချက်အနေနဲ့တော့ အောက်ခြေပြည်သူတွေအတွက် ခေါင်းဆောင်တွေ အားလုံးအနေနဲ့ တာဝန်ခံမှု တာဝန်ယူမှုနဲ့ တာဝန်သိမှုရှိကြဖို့ တနည်းပြောရင် ခေါင်းဆောင်တွေ သတ္တိ ရှိကြဖို့ တိုက်တွန်း ပြောပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ) ၃နှစ်ပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာ ၁၅ ရက်မှာ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ထိုးတိုင်းရင်းသားတပ်ဖွဲ့ ၁၀ ခုက ခေါင်းဆောင်တွေ သီးသန့် ဆွေးနွေးနေကြတာဖြစ်ပါတယ်။

အစည်းအဝေးဖွင့်ပွဲမှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးတို့က အမှာစကား အသီးသီး ပြောခဲ့ပါတယ်။

၃ ရက်ကြာပြုလုပ်မယ့် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ လာမယ့် ပင်လုံ ညီလာခံ ကျင်းပမယ့်ရက်နဲ့ နေရာအစီအစဉ်တကျဖြစ်ဖို၊ နိုင်ငံရေးဆွေးနွေးပွဲမှာ တစ်ဆို့နေတဲ့ ကိစ္စရပ်တွေ ကျော်လွှားနိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ပြင်ဖို့ စတဲ့ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013