DVB Logo
Home
မြန်မာသတင်း
ဧရာဝတီနှင့်ပဲခူးတိုင်းတွင် ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်
DVB
·
August 20, 2012
ဧရာဝတီနှင့်ပဲခူးတိုင်းတွင် ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်
1 / 2
Donate to DVB

ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းမှာ အခုရက်ပိုင်း ရေအနည်းငယ်ကျသွားပေမယ့် အစားသောက်၊ ဆေးဝါးနဲ့ လူမှုရေး အကူအညီတွေ လိုအပ်နေပါတယ်။

ပဲခူးတိုင်း မဒေါက်မြို့နယ်မှာ ရွာပေါင်း ၂၀ လောက်ရေမြုပ်နေပြီး လက်ရှိ အနေအထား အရ ရေအနည်းငယ်ကျပေမယ့် ကျောင်းမဖွင့်နိုင်သေးသလို အကူအညီတွေလည်း သိပ်မရှိတော့တဲ့ အတွက် ဖြစ်သလို စားသောက်ကြရတယ်လို့ မဒေါင့်မြို့ခံ ဦးဝင်းမြင့်က ပြောပါတယ်။

[caption id="attachment_29484" align="alignleft" width="300" caption="ပုသိမ်မြို့က ရေဘေးဒုက္ခသည်စခန်းတခု (ဓာတ်ပုံ- ဦးမြင့်ဟန်)"][/caption]

“ရွာတွေမှာတော့ ဒုက္ခရောက်တာပေါ့ဗျာ။ ရှိတဲ့လယ်တွေကလည်း သေတယ်။ ရှိတဲ့ဆည်ရေတွေကလည်း ကျတော့ကျတယ် ဖြည်းဖြည်းပဲ ကျနေတာ။ လူတွေက ပေးကမ်းတာကိုပဲ မျှော်နေ ရတာပေါ့။ ရက်က ကြာရှည်လာတော့ သွားလာရတာလည်း ခက်တော့ ပေးကမ်းတဲ့သူတွေ ကလည်း ပါးသွားတာပေါ့။ အဲဒီတော့ ဖြစ်သလို စားသောက်နေကြရတာပေါ့။ ရွာကကျောင်းတွေလည်း မဖွင့်နိုင်သေးဘူး။ တချို့ကျောင်းတွေပေါ်နေပြီ။ တချို့ကျောင်းတွေက မြုပ်တုန်းပဲ။ ကလေးတွေ သွားလာလို့ မရသေးဘူး။”

ရေကြီးတာရက် ၂၀ လောက်ရှိပြီဖြစ်တဲ့အတွက် ကလေးငယ်တွေ အအေးမိပြီး ဖျားနာတာအပြင် ၀မ်းပျက်တာ တချို့ရှိနေပါတယ်။ ဒါ့အပြင် ရေနစ်တာကြောင့် စိုက်ပြီးသားစပါးတွေ သေကုန်တဲ့အတွက် စပါးပြန်စိုက်ရေးမှာ အခက်အခဲ ဖြစ်နေရသလို လက်လုပ်လက်စားသမားတွေကလည်း အလုပ်အကိုင်မရှိဘဲ ၀မ်းစာအတွက် အခက်ကြုံနေရပါတယ်။

ရေကြီးမှုပြဿနာဖြစ်တာ ၅ နှစ်လောက်ရှိပြီဖြစ်ပြီး အဓိကအားဖြင့် ရေကာတာ နဲ့ ရွှေတူးဖော်မှု လုပ်ငန်းကြောင့် ဖြစ်တယ်လို့ အဲဒီဒေသခံက အခုလို ပြောပါတယ်။

“အခု ရေနစ်ပြီးသား စပါးတွေကို ပြန်စိုက်ဖို့ မလွယ်ဘူး။ အခု ငါးဖမ်းရှာစားဖို့လည်း အဆင်ပြေကြတာ မဟုတ်ဘူး။ သူတို့တွေကို ကြည့်ရတာလည်း စိတ်မကောင်းဖြစ်ပေမယ့် ကိုယ့်ဘက်ကလည်း ကိုယ်နိုင်သလောက်ပဲ ကူညီနိုင်တာလေ။ ကျနော်တို့ဆီမှာ ၂၀၀၇ ခုနှစ်နောက်ပိုင်းကတည်းက ရေက အတက်ကြမ်းပြီးတော့ အကျ အင်မတန်လေးတယ်။ ရွှေကျင်ရေအားလျှပ်စစ်က ရေကလည်း လွတ်။ စစ်တောင်းမြစ်ဝှမ်းကလည်း ရွှေစက်တွေရဲ့ တူးဖော်မှုက တိုက်စားလာတဲ့ မြေကြီးတွေ က ချောင်းတွေထဲရောက်၊ အဲဒီတော့ ချောင်းတွေက တိမ်ကော၊ ရေက အဆင်လေးပြီး အတက်ကြမ်းတာ ဒီ သုံးလေးနှစ်မှာ တပုံစံတည်းလို ဖြစ်နေတာ။”

ရွှေကျင်မြို့မှာတော့  ရေအနည်းငယ်ကျသွားတဲ့အတွက်  ရေဘေးလွတ်ရာမှာ ခိုလှုံနေတဲ့ ရေဘေး ဒုက္ခသည် တချို့အိမ်ပြန်ကြပြီလို့ ဒေသခံတဦးက ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း ရေတွေကျသွားပြီ ဖြစ်ပေ မယ့် ကျောင်းတွေတော့ ပြန်မဖွင့်နိုင်သေးဘူး လို့ ပုသိမ်မြို့ခံက ပြောပါတယ်။

သာပေါင်းမြို့နယ်မှာတော့ ရေကျသွားပြီ ဖြစ်ပေမယ့် လေပြင်းတိုက်ခိုက်မှုတွေကြောင့် လူတွေအိမ်တွင်းမှာပဲ နေနေကြရပြီး အကူအညီတွေလည်း မရောက် ဖြစ်နေတယ်လို့ သာပေါင်းမြို့ခံ တဦးက အခုလို ပြောပါတယ်။

“ရေကတော့ ဒီနေ့ နည်းနည်း ကျတယ်။ အဖွဲ့တွေလာတာကတော့ သူတို့ရကြပါတယ်။ ဒါပေမယ့် အဲဒီသာပေါင်းဘက်ကို မရောက်ကြဘူးပေါ့။ ကျောင်းတွေက အကန့်အသတ်မရှိ ပိတ်ထားတယ်လေ။ လူတွေက အခုတော့ သာပေါင်းရွာမှာ စဉ်ထိုးပြီး နေကြတာပေါ့။ နေလည်း ပြင်းတော့ အပြင်လည်း မထွက်ရဲကြဘူး။ ကွင်းပြင်ကြီးလို ဖြစ်နေတော့ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်စဉ်ထိုးပြီးနေကြတာ။ တိရိစ္ဆာန်တွေလည်း ဒီအတိုင်း လွှတ်ထား၇တာပေါ့။ ရေထဲမှာပဲ မတ်တပ်ပေါ့။”

ဧရာဝတီတိုင်း ကံကြီးထောင့်မြို့နယ်ဘက်မှာတော့ ရေဘေးဒုက္ခသည်တချို့ အိမ်သာ မလုံလောက်မှုကြောင့် ၀မ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့အတွက် ဆေးဝါး အကူအညီ လိုအပ်နေသလို အစားအသောက် အကူအညီတွေလည်း ရောက်တလှည့် မရောက်တလှည့် ဖြစ်တဲ့အတွက် အခက်ဖြစ်နေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာတော့ လွန်ခဲ့တဲ့ ၃ ပတ်လောက်က ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၇ ခုစလုံး ဒီနေ့မှာ ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ရေကျသွားပြီ ဖြစ်တဲ့အတွက် ရေဘေးဒုက္ခသည်တွေ အိမ်ပြန်ကုန်ကြပြီလို့ ဘားအံမြို့ခံက ပြောပါတယ်။

ရေကြီးမှုတွေကြောင့်  ကုန်တင်ကား သွားလာရာမှာ အခက်အခဲ ဖြစ်တဲ့အတွက် စက်သုံးဆီနဲ့တခြား ပစ္စည်းတချို့ ဈေးအနည်းငယ်တက်တာတွေ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013