DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မြစ်ရေတင်စီမံကိန်း တိုင်းလွှတ်တော် ခွင့်မပြုသဖြင့် တောင်သူများ အခက်ကြုံ
DVB
·
October 15, 2018
လျှပ်စစ်မြစ်ရေတင်စီမံကိန်း တိုင်းလွှတ်တော် ခွင့်မပြုသဖြင့် တောင်သူများ အခက်ကြုံ
Donate to DVB

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မိုးကောင်းရွာမှာ လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးဖို့ တောင်သူတွေတင်ပြတာကို ပြည်ထောင်စုအစိုးရက ခွင့်ပြုခဲ့ပေမယ့် တိုင်းဒေသကြီးလွှတ်တော်က ခွင့်မပြုခဲ့လို့ တောင်သူတွေ ရေမရရှိတဲ့ အခက်အခဲ ကြုံတွေ့နေရပါတယ်။

မိုးကောင်း၊ မိုးဖုန်း၊ ဂွေးကုန်း၊ ဂေါင်ဂင်၊ ငွေရိုးရွာ ၅ ရွာမှ လယ်ဧက ၅၀၀ ကျော် ရေမရရှိဘဲ စိုက်ပျိုးနိုင်ခြင်း မရှိတော့လို့ အခက်အခဲတွေ ကြုံနေရတာပါ။

တောင်သူအရေးဆောင်ရွက်သူ ဦးမြင့်စန်းက "မစိုက်ပျိုးနိုင်တာကြာပြီ။ ဒီမြေတွေ အဆုံးရှူံး မခံနိုင်တဲ့အတွက် မိုးကောင်းမြစ်ရေတင်စီမံကိန်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက တင်းပြည့်ကျပ်ပြည့် ပူးပေါင်းဆောင်ရွက်ပြီး အမြန်ဆုံးဆောင်ရွက်ပေးပါ" လို့ ပြောပါတယ်။

ရေမရလို့ စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘဲ တောင်သူလုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့ တောင်သူတွေနဲ့ သားသမီးတွေ ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေရပါတယ်။

၂၀၁၄ ခုနှစ်က မြို့နယ်ရေအရင်းအမြစ်ကနေ ကန်တူးပြီးစက်နဲ့ ရေတင်ပေးပေမယ့် ဧက ၅၀၀ ကျော် မလုံ လောက်တော့ အဲ့ဒီစီမံကိန်းပျက်ခဲ့ရတာလို့ ဒေသခံတောင်သူက ဆိုပါတယ်။

တောင်သူလယ်သမားသမဂ္ဂအဖွဲ့က တောင်သူဦးကျော်လင်းက “ခုစီမံကိန်းကို တိုင်းဒေသကြီး လွှတ်တော်က အရှူံးတွေပေါ်နေလို့ မလုပ်နိုင်တော့ဘူးလို့ ပြောလိုက်တော့ လယ်တွေရှိပြီး ရေမရှိလို့ မစိုက်ပျိုး နိုင်တော့ဘဲ တောင်သူတွေ ရွှေ့ပြောင်းလုပ်သားအဖြစ် နိုင်ငံတကာမှာ အလုပ်သွားရောက် လုပ်ကိုင်နေကြရတယ်" လို့ ပြောပါတယ်။

တောင်သူ ဦးတင်လှကလည်း "ကြေးနီချောင်းကရေနဲ့ စိုက်ပျိုးနေရတဲ့ လယ်တွေဖြစ်တယ်။ ရာသီဥတုဖောက်ပြန်ပြီး ၂၀၁၃ ခုနှစ်လောက်က ချောင်းမြောင်းတွေ ပျက်စီးလို့ တောင်သူအလုပ်တွေ မလုပ်ကိုင်နိုင် တော့ဘဲ နိုင်ငံတကာမှာ သွားရောက်အလုပ်လုပ်ကိုင်နေရတယ်။ သားသမီးတွေနဲ့ ရင်အုပ်မကွာ လယ်ယာလုပ်ငန်းဘဲ လုပ်ချင်လို့ ဒီမြစ်ရေတင်စီမံကိန်းကို အောင်မြင်စေချင်ပါတယ်" လို့ ပြောပါတယ်။

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းက "အရေးတကြီးသုံးစွဲရမယ့် ဘဏ္ဍာငွေအခြားနေရာမှာ သုံးစွဲရမှာဖြစ်လို့ ခဏ ရွှေ့ဆိုင်းတာပါ။ ပယ်ဖျက်တာ မဟုတ်ပါဘူး၊ ပြည်သူ့ဘဏ္ဍာတွေ အလွန်အင်မတန် စိုက်ထုတ်သုံးစွဲပြီး အရှူံးပေါ်သွားတဲ့ အခြေအနေနဲ့လေလွင့်မှု မတရားမဖြစ်အောင် ဂရုတစိုက် လုပ်ရမယ်" လို့ ရှင်းပြပါတယ်။

မိုးကောင်း လျှပ်စစ်မြစ်ရေတင်စီမံကိန်းပျက်လို့ တောင်သူတွေအခက်အခဲဖြစ်တာကို ဖေ့စ်ဘွတ်မှာ တင်ခဲ့တာတွေ့ပြီး တိုင်းဒေသကြီးစည်ပင်ဝန်ကြီး ဦးဇော်မင်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေ မိုးကောင်းကျေးရွာကိုကွင်းဆင်း ကြည့်ရှုပြီး တောင်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အခက်အခဲဖြစ်နေတာကို အမှန်အတိုင်း သိရှိခဲ့ပေမယ့် လတ်တလော ဖြေရှင်းဆောင်ရွက်နိုင်မှာ မဟုတ်တော့လို့ တောင်သူတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။

သတင်း -ဘဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013