DVB Logo
Home
မြန်မာသတင်း
စိတ်ကျရောဂါခံစားနေရသူများ စိတ်ကျန်းမာရေးဆေးရုံသို့ လာကုရန် တိုက်တွန်း
DVB
·
October 14, 2018
စိတ်ကျရောဂါခံစားနေရသူများ စိတ်ကျန်းမာရေးဆေးရုံသို့ လာကုရန် တိုက်တွန်း
Donate to DVB

စိတ်ကျရောဂါခံစားနေရသူတွေကို စိတ်ကျန်းမာရေးဆေးရုံမှာ လာရောက်ကုသဖို့ တိုက်တွန်းတာတွေရှိပေမယ့် ပတ်ဝန်းကျင်မှာ သိက္ခာကျမှာစိုးတဲ့အတွက် ဆေးကုသသူ နည်းပါးနေတယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်ပြုလုပ်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အခမ်းအနားမှာ တက်ရောက်ဆွေးနွေးတဲ့ ဆရာဝန်တွေက ပြောဆိုလိုက်တာပါ။

မိဘဆွေမျိုးတွေအနေနဲ့ မိမိတို့သားသမီး လူငယ်တွေမှာ စိတ်ကျရောဂါရှိလာပြီဆိုရင် စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ အမြန်ဆုံးကုသဖို့ကိုလည်း စိတ်ရောဂါကုဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

စိတ်ရောဂါကုဆရာဝန် ဒေါက်တာကျော်ဇင်လင်း “အများဆုံးကတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာ။ သေကြောင်းကြံစည်တာကလည်း အသက် ၁ဝ နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်တွေရဲ့ သေဆုံးနှုန်း ကို ဖြစ်စေတဲ့ တတိယအကြီးမားဆုံး အကြောင်းအရင်းလို့ ဆိုပါတယ်။ နောက်တခုက အသက် ၁၅ နှစ်ကနေ ၂၉ နှစ်အထိ လူငယ်တွေကြားထဲမှာဆိုရင်တော့ သေကြောင်းကြံစည်တာ ဒုတိယ အဖြစ်အများဆုံး အကြောင်းအရင်းလို့ ဆိုပါတယ်။ အသက်အရွယ် အပိုင်းအခြားတွေပေါ် မူတည်ပြီးတော့ ဒုတိယတွေ တတိယတွေ ပေးနေရပေမယ့် သူသည် ထိပ်နားမှာပဲ ရှိနေတယ် ဆိုတာကတော့ ဘယ်လိုမှ ငြင်းမရနိုင်တဲ့ အမှန်တရားပါပဲ။” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံက လူငယ်တွေမှာ စိတ်ကျရောဂါခံစားသူတွေ ရှိနေပေမယ့်လည်း ဆေးကုသတာ နည်းနေပါသေးတယ်လို့ ဆိုပါတယ်။ စိတ်ကျရောဂါခံစားရတာ မြင့်တက်ပါက ကိုယ့်ကိုယ်ကို သတ်နိုင်ခြေလည်းပိုများတယ်လို့ ဆိုပါတယ်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးကို တက်ရောက်ကုသတဲ့ လူနာတွေထဲမှာ အရက်နဲ့ မူးယစ်ဆေးသုံးစွဲပြီး စိတ်ဝေဒနာခံစားရတဲ့လူနာတွေက အများဆုံးဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတဲ့နေရာမှာလည်း မိန်းကလေးထက်ယောကျာ်းလေးက ပိုမိုသုံးစွဲတယ်ဆိုပေမယ့်လည်း မိန်းကလေးတွေဟာ မူးယစ်ဆေးစွဲနိုင်ခြေကတော့ ယောကျာ်းလေးတွေထက် ပိုများတယ်လို့ဆိုပါတယ်။

စိတ်ရောဂါကုဆရာဝန် ဒေါက်တာအောင်မျိုးထက်က “ဒါပေမယ့် မိန်းမတွေမှာ သတိထားဖို့လိုတာက မိန်းမတွေက ဆေးသုံးမိပြီဆိုရင် သူတို့က ပိုစွဲလွယ်တယ်။ ဆေးသုံးလိုက်ရင် ဆေးသုံးလိုက်လို့ရလာတဲ့ ခံစားချက်တွေ၊ စိတ်ညစ်တယ်ဆိုရင် စိတ်ညစ်တာ တွေ ပျောက်သွားတယ်ဆိုတဲ့ ခံစားချက်မျိုး။ မိန်းမတွေက ပိုပြီးအစွဲလွယ်တယ်။ ဖြတ်ရခက်မယ်။ အဲဒါမျိုးတွေရှိတဲ့အတွက် မိန်းမတွေက ပိုပြီး သတိထားဖို့ လိုတယ်။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စိတ်ဝေဒနာ ခံစားနေကြရသူတွေဟာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းလောက် ရှိတယ်လို့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

အရက်နဲ့ မူးယစ်ဆေးဝါးကြောင့် စိတ်ကျရောဂါဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အရွယ်ဟာ မြန်မာနိုင်ငံမှာ အသက် ၂၅ နှစ်နဲ့ ၄၀ ကြားမှာရှိတယ်လို့ စိတ်ကျန်းမာရေး ပညာရေး လုပ်ဆောင်နေတဲ့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ခုနှစ်အတွင်းမှာ ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကြီးကို တက်ရောက်ကုသတဲ့ စိတ်ရောဂါဝေဒနာရှင်ပေါင်း ၂၀,၀၀၀ နီးပါးရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013