DVB Logo
Home
မြန်မာသတင်း
ရခိုင်အစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့် ကုလအထူးကိုယ်စားလှယ် ဆွေးနွေး
DVB
·
October 14, 2018
ရခိုင်အစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့် ကုလအထူးကိုယ်စားလှယ် ဆွေးနွေး
1 / 4
Donate to DVB

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရွှာနာဘာဂျီနာဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုအဖွဲ့စည်းတွေနဲ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လူမှုအသိုက်အ၀န်းတွေအကြား သဟဇာတရှိစွာ နေထိုင်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းတွေဖြစ်ကြတဲ့ People For Poeple အဖွဲ့၊ ရခိုင်အမျိုးသမီးများကွန်ယက် CERA အဖွဲ့တို့နဲ့ စစ်တွေဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပြီးနောက် မစ္စ ခရစ္စတင်း ရွှာနာဘာဂျီနာဟာ အစိုးရအဖွဲ့နဲ့လည်း အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့ကြတာပါ။

ရခိုင်နဲ့ မွတ်စလင်တွေကြား ဘာတွေလိုအပ်ချက်တွေရှိလဲဆိုတာကို အဓိကဆွေးနွေး ကြပြီး နှစ်ဖက်အသိုင်းတွေကြားမှာ လိုအပ်တာတွေကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ People For Poeple ဒါရိုက်တာအဖွဲ့အဝင် ဦးပြည်သိမ်းက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအဝိုင်းတွေအကြား သဟဇာတရှိစွာ နေထိုင်နိုင်ရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ လူထုအားအသိပညာပေးမှုတွေ ပြုလုပ်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးမှုမှာပါဝင်ခဲ့သူ ရခိုင်အမျိုးသမီးကွန်ရက်က ဒု ဥက္ကဋ္ဌဒေါ်လှမေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေကို လွတ်လပ်စွာ သွားလာခွင့်ပေးဖို့နဲ့ ဆေးကုသ ခွင့်တွေ၊ ပညာသင်ခွင့်တွေ ပိုမိုရရှိဖို့ စတဲ့အချက်တွေအပါအဝင် တဖက်နိုင်ငံကို ထွက်ပြေး သွားတဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး စတဲ့အချက်တွေကို မစ္စ ခရစ္စတင်း ရွှာနာဘာဂျီနာက တင်ပြဆွေးနွေးခဲ့တယ်လို့ ရခိုင်ပြည်နယ် စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှ နေထိုင်ကြတဲ့ ပြည်သူအားလုံး အသက်မွေးဝမ်းကျောင်းပညာ သင်ပေးဖို့နဲ့ စီးပွားရေး၊ ပညာရေးအခြေခံဆောက်အအုံတွေကို ဖွံ့ဖြိုးတိုးတက်လာစေဖို့ လုပ်ဆောင်ပေးဖို့ကို ပြောဆိုခဲ့တယ်လို့ ရခိုင်အမျိုးသမီးကွန်ရက်က ဒု ဥက္ကဋ္ဌ ဒေါ်လှမေက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရွှာနာဘာဂျီနာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အောက်တိုဘာ ၁၂ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တွေ့ဆုံဆုံခဲ့ကြသလို အောက်တိုဘာ ၁၂ ရက်နေ့မှာလည်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စ ခရစ္စတင်း ရွှာနာဘာဂျီနာဟာ တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး ရခိုင်ပြည်နယ်ကိုတော့ ဒုတိယအကြိမ် လာရောက်နေတာဖြစ်ပါတယ်။ သူမဟာ ၂ဝ၁၈ ခုနှစ် ဧပြီ ၂၆ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် တာဝန်ပေးအပ်ခံရပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ၂ ကြိမ် လာရောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရွှာနာဘာဂျီနာဟာ ဒီနေ့ နေ့လယ်ပိုင်း ကျောက်တော်မြို့နယ်က နိးဒါန်ဒုက္ခသည်စခန်းကို သွားရောက်မှာဖြစ်ပြီး မနက်ဖြန်မှာတော့ မောင်တောဒေသကို သွားရောက်မှာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013