DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင်း ရေကြီးရေလျှံမှုလျော့နည်းရေး သံလွင်မြစ်ကြောင်း ပြုပြင်ထိန်းသိမ်းမည်
DVB
·
October 14, 2018
ကရင်ပြည်နယ်တွင်း ရေကြီးရေလျှံမှုလျော့နည်းရေး သံလွင်မြစ်ကြောင်း ပြုပြင်ထိန်းသိမ်းမည်
1 / 3
Donate to DVB

ကရင်ပြည်နယ်အတွင်း သဘာဝဘေးလျော့ပါးစေဖို့ ရေစီးရေလာ ကောင်းမွန်အောင်နဲ့ မြစ်ကြောင်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်တာတွေကို ဆောင်ရွက်သွားမယ်လို့ ကရင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ဦးစောပြည်သာက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက် မနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမမှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါရေးနေ့ အခမ်းအနားမှာ ဝန်ကြီးက ပြောဆို လိုက်တာပါ။

၂ဝ၁၈ ခုနှစ် ဇူလိုင်မှ စက်တင်ဘာထိ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ၉၃ဝ စင်တီမီတာထိ ရောက်ရှိခဲ့တဲ့အတွက် ကရင်ပြည်နယ်ရဲ့ မြို့နယ် ၆ မြို့နယ်မှာ ရေကြီး ရေလျှံမှုတွေဖြစ်ပေါ်ခဲ့သလို့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ လမ်းတံတားပျက်စီးမှုတွေ အဓိက ဖြစ်ပေါ်ခဲ့ပြီး ရက်အကြာဆုံး သဘာဝဘေးဖြစ်တဲ့အတွက် အထူးခြားဆုံး ဖြစ်ခဲ့ပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တောသတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာက “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ ချမှတ်ကာ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ မြစ်ကြောင်းထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းလမ်းစဉ်များကို နောင်လာမည့်ကာလအတွင်း ကရင်ပြည်နယ် အတွင်းဆောင်ရွက်သွားခြင်းနဲ့အတူ အခြားတဖက်မှာလည်း ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ဒေါ်နန်းခင်ထွးမြင့်က “ကျမတို့ကတော့ သံလွင်မြစ်ကြောင်း စီးဆင်းမှုပုံမှန်ဖြစ်အောင်လို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ဒီအတိုင်းပဲ စီးနေတာ။ အခုမှ ဒီဘက်ကို လာပြီးစီးတာ။ ရေစီးကြောင်း ပုံမှန်ဖြစ်ရေး မြစ်လမ်းကြောင်းပြန်ဖော်ဖို့ ကျမတို့ စီစဉ်ထားတယ်”လို့ ပြောပါတယ်။

ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်ကြောင့် ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်တွေက အိမ်ထောင်စု ၉ ထောင်ကျော်၊ လူဦးရေ ၅ သောင်းနီးပါး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။

ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးဧက ၄ သိန်းကျော် စိုက်ပျိုးဖို့ လျာထားရာမှာ စိုက်ပျိုးပြီး ဧက ၃ သိန်းကျော် မှာ ဧက ၅သောင်းကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး ဧက ၃သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း ၉ဝ ရာခိုင်နှုန်း ပျက်စီးခဲ့ပါတယ်။

အခြားသီးနှံတွေဖြစ်တဲ့ အစေ့ထုတ်ပြောင်း ဧက ၃ သောင်းကျော်မှာ ၁၆ဝဝ ကျော်၊ မိုးမြေပဲ ဧက ၈ဝဝ ကျော်မှာ ၁ ဧက၊ ချက်ကြံရင့် ဧက ၄ ထောင်ကျော်မှာ ၁၃ဝ ဧက ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတွေကို လျော့ချ နိုင်ရေးအတွက် အဓိကကျတဲ့ ကြိုတင်ပြင်ဆင်မှုအပိုင်းတွေကို အလေးထားဆောင်ရွက်ရင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလုပ်ငန်းတွေကို သက်ဆိုင်ရာ အန်ဂျီအို၊ အိုင်အန်ဂျီအိုတွေနဲ့ ပူးပေါင်းပြီး ပိုမိုအလေးထား ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013