
အရှေ့တောင်အာရှမှာ သက်တမ်းအရင့်ဆုံး တိရစ္ဆာန်ရုံတခုဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ကျားလှောင်ရုံကို အောက်တိုဘာလ ၁၄ ရက်နေ့က အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခဲ့ပါတယ်။
တိရစ္ဆာန်ဥယျာဉ်ထဲက ကျားလှောင်ရုံ (Carnivora House) ကို ၁၉၁၅ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာလည်း ကျားဖြူတွေကို ထည့်သွင်းပြသထားတဲ့အပေါ် ရန်ကုန်မြို့ပြ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခဲ့တာပါ။
အပြာရောင်ကမ္ပည်းတပ်ဆင်တဲ့ အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါအဝင် တိရစ္ဆာန်ဥယျာဉ်က တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။
ရန်ကုန်မြို့ပြ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဟာ ရန်ကုန်မြို့မှာရှိတဲ့ မူလလက်ရာ မပျက်တဲ့ သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံတွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် အပြာရောင် ကမ္ပည်းပြားတွေ အခုလို တပ်ဆင်နေတာဖြစ်ပါတယ်။
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)နဲ့ ဝိတိုရိယပန်းခြံကို ၁၉ဝ၆ ခုနှစ်မှာ မြန်မာနိုင်ငံကို အလည်အပတ်ရောက်လာတဲ့ ဝေလမင်းသားနဲ့ ကြင်ယာတော်တို့က ဖွင့်လှစ်ခဲ့ပါတယ်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ ကျားရုံအပါအဝင် ရှေးဟောင်းအဆောက်အဦ ၂၁ ခုကို အပြာရောင်ကမ္ပည်းပြား တပ်ဆင်ထားပြီးဖြစ်ပါတယ်။











