
ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်ပြီး အဖြစ်မှန်ထက်ပိုပြီး ချဲ့ကားရေးသား ပြောဆိုတာတွေ မလုပ်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်းဖော်ပြတဲ့ ဒီအဖွဲ့ရဲ့ ကြေညာချက်မှာ ရခိုင်ပြည်နယ်အခြေအနေတွေနဲ့ စပ်လျဉ်းပြီး ဖြစ်ရပ်မှန်ထက် ပိုမိုချဲ့ကား ရေးသားပြောဆိုတာတွေကို လုံးဝလက်မခံကြောင်း ဖော်ပြထားပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ် အခြေအနေကို အကြောင်းပြုပြီး မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးစေတဲ့အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု အကျပ်ကိုင်မှုတွေကို ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုတွေ ပိုတိုးပွားလာပြီး အကြမ်းဖက်အဖွဲ့ အစည်းတွေကပါ ခြိမ်းခြောက်တဲ့ ကြေညာချက်တွေ ထုတ်ပြန်လာအပြီးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။










