
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာမှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ၃ လောင်းပြိုင် လူသတ်မှုကျူးလွန်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ သန်းဇော်ဆိုသူကို ဖမ်းဆီးနိုင်ရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အထူးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ သန်းဇော်ဟာ ဇနီးဖြစ်သူ မတင်တင်ဆန်းနဲ့ စကားများပြီး မတင်တင်ဆန်းအပြင် ရန်ပွဲကို ဝင်ရောက်ဖျန်ဖြေတဲ့ ယောက္ခမဖြစ်သူ ဒေါ်ခင်ရီနဲ့ တူဖြစ်သူ မောင်လင်းလင်းထိုက်တို့ကိုပါ ဓားနဲ့ခုတ်သတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတာလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
ဒါ့အပြင် သန်းဇော်ဟာ ခယ်မဖြစ်သူ မစန္ဒာဦးကိုလည်း ဓားနဲ့ ထပ်ခုတ်ခဲ့တာကြောင့် ဓားဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး မြောင်းမြဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ရတာပါတယ်။
သန်းဇော်ရဲ့ ဓာတ်ပုံကိုလည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ အခင်းဖြစ်ချိန်က စပြီး ဖြန့်ဝေထားခဲ့ကာ တွေ့ရှိသူတွေအနေနဲ့ နီးစပ်ရာရဲစခန်းကို အကြောင်းကြားပေးဖို့ကို ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက “ဒီအမှုတခုတည်းအတွက် အထူးအဖွဲ့ဖွဲ့စည်းတာပါ။ အထူးအဖွဲ့ထဲမှာတော့ ကျွမ်းကျင်တဲ့ ရဲတပ်ဖွဲ့ဝင် ရာထူးမျိုးစုံပါဝင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးနဲ့ နီးစပ်တဲ့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွေကိုလည်း အကြောင်းကြားထားပါတယ်” လို့ ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်နေတဲ့ အသက် ၄၅ နှစ်အရွယ် သန်းဇော်ဟာ လပွတ္တာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး အိမ်ထောင်ကျပြီးမှ မြောင်းမြမြို့နယ် တောင်ကလေး ကျေးရွာက မိန်းမဖြစ်သူနောက်လိုက်နေခဲ့တာလို့ တောင်ကလေးကျေးရွာ နေထိုင်သူတွေက ပြောပါတယ်။
သန်းဇော်ကို မြောင်းမြမြို့မရဲစခန်းမှ (ပ)၆၂၇/၂ဝ၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ (လူသတ်မှု)၊ ၃၂၆ (ချွန်ထက်ပြတ်ရှတဲ့ပစ္စည်းနဲ့ အပြင်းအထန်ဒဏ်ရာရစေမှု) တို့နဲ့ အမှုဖွင့်ထားပြီး အလိုရှိနေတာပဲ ဖြစ်ပါတယ်။
မြမင်းဦး(ပုသိမ်)











