DVB Logo
Home
Lead Story
ပြည်သူ့ဘဏ္ဍာသန်းပေါင်း ၅၇၀၀၀ ကျော်နစ်နာမှု တိုင်ကြားခဲ့သူ ဒေါ်ညိုညိုသင်းကို မေးမြန်းချက်
DVB
·
October 13, 2018
ပြည်သူ့ဘဏ္ဍာသန်းပေါင်း ၅၇၀၀၀ ကျော်နစ်နာမှု တိုင်ကြားခဲ့သူ ဒေါ်ညိုညိုသင်းကို မေးမြန်းချက်
Donate to DVB

ရန်ကုန်တိုင်းထဲမှာ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၅၇၀၀၀ ကျော် နစ်နာနေတာကို စုံစမ်းပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီကို ရန်ကုန် စောင့်ကြည့်ရေးအဖွဲ့ တည်ထောင်သူ ဒေါက်တာဒေါ်ညိုညိုသင်းက တိုင်ကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်ညိုညိုသင်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။    ။ ရန်ကုန်တိုင်းအစိုးရနဲ့ပတ်သက်ပြီး အဂတိကော်မရှင်ကို ဆရာမ တိုင်စာပို့တယ် လို့ကြားတယ်ခင်ဗျ။ ဘယ်နေ့ကတိုင်လိုက်တာလဲခင်ဗျ။

ဖြေ။    ။ အန်တီက ကိစ္စ ၅ ခုပြောထားတယ်လေ။ နိုင်ငံတော်က ၄၁ ဒသမ ၉ ဘီလီယံ ဆုံးရှူံးတဲ့ ကိစ္စရယ်၊ လတိုင်းလတိုင်း ၁ ဘီလီယံဆုံးရှုံးနေတဲ့ကိစ္စရယ်။  ၄၅ လမ်းက စီမံကိန်းတခုမှာ နိုင်ငံတော်က ၉ ဒသမ ၂ ဘီလီယံဆုံးရှူံးတဲ့ကိစ္စရယ်။ ဗဟန်းက နိုင်ငံတော်ကမြေငှားတဲ့ကိစ္စမှာ နှစ်စဉ် ၂ ဘီလီယံဆုံးရှူံးတဲ့ကိစ္စရယ်၊ အဲဒီကိစ္စ ငါးခုကို မနေ့က ည (အောက်တိုဘာ ၁၂) ရက်နေ့က အီးမေးလ်ပို့ထားတယ်။ စာတိုက်က စာကတော့ တနင်္လာနေ့မှ ရုံးဖွင့်မှာဆိုတော့ အဲနေ့မှရောက်မယ်ထင်တယ်။

မေး။    ။ ဆရာမနေနဲ့ အခုလို အဂတိကော်မရှင်ကိုတိုင်ကြားတဲ့ အချက်တွေက ဘယ် အချက်အလက်တွေကို အခြေခံပြီးတိုင်ကြားတာလဲခင်ဗျာ။

ဖြေ။    ။ တိုင်စာမှာတော့သေချာရှင်းပြထားတယ်။ ဒါက ကျော်ဇောသတင်းလည်းဖြစ်တယ်။ အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ နဲ့ငြိစွန်းတယ်ဆိုရင် အဂတိလိုက်စားမှုဖြစ်တယ်လို့ အတိအလင်း ဖော်ပြထားတော့၊ နောက် ခိုင်လုံတဲ့ အထောက်အထားကတော့ ရန်ကုန်တိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာလောက် ခိုင်လုံတဲ့ အထောက်အထားဆိုတာ မရှိတော့ဘူးလေ။ အဲဒါကြောင့် အဲဒီကိစ္စ ၅ ခုကို ဖော်ထုတ်ပေးဖို့ ကျမက တိုင်လိုက်တာပါ။ ဘာလို့လဲဆိုတော့ အစိုးရအနေနဲ့ လွှတ်တော်နောက်ဆုံးနေ့မှာ ပြန်ရှင်းမယ်လို့ ထင်တာလေ။ အစိုးရက ပြန်မရှင်းနိုင်တဲ့ အနေထားမှာရှိတော့ သူ့အနေနဲ့ ဘာအခက်ခဲများရှိနေလဲပေါ့နော်။ ဒီကိစ္စကလည်း ခရိုနီတွေနဲ့ပတ်သက်တဲ့ ကိစ္စဖြစ်နေတဲ့ မျက်နှာနာနေရတာလား မသိဘူးဆို အန်တီကတော့ ဗိုက်အငှားထိုးခံလိုက်တဲ့သဘောပါပဲ။

မေး။    ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအကြီးအကဲတွေကို တိုင်ကြားတဲ့ကိစ္စလို့ ပြောလို့ရမလားခင်ဗျ။

ဖြေ။    ။ အန်တီက ဝန်ကြီးချုပ်ကိုတိုင်ကြားတယ်လို့မဟုတ်ဘူး။ ဒီမှာ နိုင်ငံတော်ရဲ့ နစ်နာမှုလို့ပဲပြောထားတယ်။ အန်တီတိုင်တာက ဝန်ကြီးချုပ်ကို တိုင်တာမဟုတ်ဘူး။ နိုင်ငံတော်က ဆုံးရှူံးနေတဲ့ ငါးခုမှာ တာဝန်ရှိနေတဲ့သူတွေကို တိုင်တာပါ။ တိုင်း အစိုးရအဖွဲ့လို့လည်း ပြောမထားဘူး။ စာရင်းစစ်ချုပ်အစီရင်ခံစာမှာဖော်ပြထားတဲ့ နိုင်ငံတော်က ဆုံးရှူံးနေတာတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ပေးဖို့။ မပြောနိုင်ဘူးလေ၊ ဒီကိစ္စမှာ တာဝန်ရှိသူတွေက အခု တိုင်း   အစိုးရလည်း ဖြစ်ချင်မှဖြစ်မယ်လေ။ တခြားသူတွေလည်း ဖြစ်ချင်ဖြစ်မယ်။ နောက်ကွယ်က လက်မည်းကြီးတွေလည်း ဖြစ်ချင်ဖြစ်မယ်။ လူတယောက်တည်းက မြေဧက ၅၀၀ ကျော် ၆၀၀ ယူထားတယ်ဆိုတဲ့ အာဏာရှိတယ်ဆိုတဲ့ သူတွေက နည်းတဲ့သူတွေတော့မဟုတ်ဘူးလေ။ ကြီးကြီး ကြီးတွေပဲလေ။ အဲတော့ သူတို့တွေနဲ့ပတ်သက်ခဲ့ပြီး လုပ်ကိုင်ခဲ့ပြီးတော့ ဆောင်ရွက်ခဲ့တဲ့သူတွေပေါ်မှာ တာဝန်ရှိတယ်။ ဒီနေရာမှာ ရှင်းစေချင်တာက အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတော့ သူတို့ကို ပြစ်ဒဏ်ချတာ ပြစ်ဒဏ်မချတာကို ရည်ရွယ်တာမဟုတ်ဘူး။ နိုင်ငံတော်မှာ ဒီလောက်ဆုံးရှူံးမှုကြီးရှိနေတဲ့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ အဲဒီကြီးမားတဲ့ဆုံးရှူံး နစ်နာမှုကို ရသင့်တယ်ပေါ့နော်။ အဲဒီနစ်နာမှုတွေကို ပြန်ပြီးပေးအပ်မယ်ဆိုရင်တော့ ပေးအပ်လိုစေတဲ့ရည်ရွယ်ချက်ရှိတယ်။ သူတို့ကို ထောင်ထဲပို့ပြီး ပြစ်ဒဏ်ချဖို့ဆိုတဲ့ ရည်ရွယ်ချက်ထက် တကယ့်နိုင်ငံတော်ရဲ့ ကြီးမားတဲ့ ဆုံးရှူံးနစ်နာမှုတွေကို ပြည်သူလူထုကို ပြန်ပြီးတော့ ရစေချင်တာပဲပေါ့။ ဒါ့ကြောင့် တိုင်ကြားတာ။ ရန်ကုန်တိုင်း အစိုးရကို တိုင်ကြားတာမဟုတ်ဘူး။ နိုင်ငံတော်မှာ နစ်နာဆုံးရှူံးမှု ငါးခု ရှိနေတယ်။ အထောက်ထားလည်း ခိုင်လုံနေတယ်။ အဲဒါဖော်ထုတ်ပေးဖို့ ကော်မရှင်ကိုပြောတာပဲပေါ့နော်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013