DVB Logo
Home
မေးမြန်းခန်း
စာပေကို စိစစ်ခြင်း၊ ထုတ်ဝေတာကို စိစစ်ခြင်း စနစ် ဖျက်လိုက်ပြီ- ဦးတင့်ဆွေ
DVB
·
August 20, 2012
စာပေကို စိစစ်ခြင်း၊ ထုတ်ဝေတာကို စိစစ်ခြင်း စနစ် ဖျက်လိုက်ပြီ- ဦးတင့်ဆွေ
Donate to DVB

နှစ်ပေါင်း ၄၈ နှစ်နဲ့ ၂ ပတ်ကြာရှိခဲ့တဲ့ စာပေစိစစ်ရေးလုပ်ငန်းတွေ ဒီနေ့ဖျက်သိမ်းလိုက်ပြီလို့ စာပေစိစစ်ရေးဌာန၊ တာဝန်ရှိသူဖြစ်တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီဗွီဘီကို ပြောပါတယ်။

စာပေစိစစ်ရေးမရှိတော့ဘူးကြားလို့ပါ ဟုတ်ပါသလား။

[caption id="attachment_20583" align="alignright" width="300" caption="ဦးတင့်ဆွေ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

“ဒီနေ့ပဲ ဂျာနယ်လစ်တွေရော၊ ထုတ်ဝေသူတွေရော အကုန်လုံးခေါ်ပြီး ရှင်းလင်းပွဲ လုပ်ပါတယ်။ စာပေစိစစ်ရေးဆိုင်ရာ မူဝါဒတွေ ပြောင်းလဲတာ ပဉ္စမအဆင့်အနေနဲ့ ကျနော်တို့ နိုင်ငံရေးနဲ့ ဘာသာရေး ယခင်တုန်းက ကျန်နေတဲ့ ဘာသာရပ် ၂ ခု၊ ကျနော်တို့ စိစစ်မှုယူထားတာ၊ အခု ဒါတွေနဲ့ပတ်သက်သော ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ စာအုပ်၊ စာစောင်တွေကိုပါ ကျနော်တို့က စိစစ်ခြင်းမလုပ်တော့ဘဲနဲ့ ထုတ်တင်စနစ်ကို ပြောင်းပေးတယ် ဆိုတာလေး ပြောတာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံတွင်းမှာ ထုတ်ဝေတာတွေအားလုံးသည် စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကို ကြိုတင်တင်ပြတာခြင်းမရှိတော့ဘဲ လွတ်လပ်စွာထုတ်နိုင်တဲ့ အခြေအနေဖြစ်သွားပါတယ်။ ဒါကြောင့် စိစစ်ခြင်းစနစ်၊ စာပေကို စိစစ်ခြင်းစနစ်၊ ထုတ်ဝေတာကို စိစစ်ခြင်းစနစ်ကတော့ ဖျက်လိုက်ပြီပေါ့”

စိစစ်ရေးတင်စရာမလိုတော့ဘူး၊ ထုတ်တင်ဆိုတော့ သူတို့ထုတ်ပြီးသား တင်တာတွေကိုရော စိစစ်ရေးက ဘာဆက်လုပ်မလဲ။

“ဒါကိုတော့ ကျနော်တို့က မှတ်တမ်းတင်ပါမယ်၊ ထုတ်တင်ဆိုတာကတော့ ကျနော်တို့ ဘယ်လိုလုပ်မလဲ ဆိုတော့ နိုင်ငံထဲမှာ နေ့စဉ်ထုတ်တဲ့ စာစောင်တွေရှိမယ်၊ အပတ်စဉ်ထွက်တဲ့ စာစောင်တွေရှိမယ်၊ အမျိုးမျိုးပေါ့၊ ဒါတွေကို ကျနော်တို့ဆီ လာတင်ပါတယ်။ တင်တာတွေကို ကျနော်တို့က စာကြည့်တိုက်ပေါ့။ national library တို့၊ archive တို့ကို ပို့တယ်။ ပြီးတော့ ကျနော်တို့ဆီမှာလည်း ထုတ်ဝေစာမှတ်ပုံတင်စနစ်နဲ့ ဆက်ပြီးတော့ ဆောင်ရွက်ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။”

ဆိုလိုတာကတော့ ထုတ်တာ တင်တာကို ထိန်းသိမ်းထားတာတော့ရှိမယ်၊ စာပေစိစစ်ရေးကတော့ သူတို့ဟာတွေကို စောင့်ကြည့်တဲ့သဘောမရှိတော့ဘူးလို့ ဆိုလိုတာလား။

“စောင့်ကြည့်တဲ့ သဘောမရှိဘူးလို့ ဆိုလည်း မှန်ပါတယ်။ ကျနော်တို့က ဒါတွေကို စောင့်ကြည့်တာ မဟုတ်ပါဘူး။ ကျနော်တို့သည် ဒီ စာတွေကို မှတ်ပုံတင်မယ် ဆိုတဲ့ စနစ်ပါပဲ။”

နောက်တခုက ၁၉၆၂ ဥပဒေသည် ဆက်ရှိသေးတယ်ဆိုတာက ဥပဒေကတော့ ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောလား။

“မှန်ပါတယ်။ ကျနော်နဲ့ ညွှန်ကြားရေးမှူးလည်း ရှင်းလင်းပွဲမှာ ခုနက အသေးစိတ်ရှင်းပြပါတယ်။ အခမ်းအနားက ၁၀ နာရီ ၂၀ မိနစ်မှာ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနမှာလုပ်တယ်။ ၄၅ မိနစ်လောက်ကြာတာပေါ့၊ အဲမှာလည်း ရှင်းပြပါတယ်။ အဓိကသည် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနဲ့ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်နဲ့ အမှာစာတွေဆိုတာ ရှိတယ်။ ညွှန်ကြားချက်ပေါင်းက အခုဆိုရင် ၅၁ ခုရှိတယ်။ အမှာစာပေါင်းက ၂၆ ရှိပါတယ်။ ဒါပေမယ့် အဲမှာ ယခင်က စာပေစိစစ်ရန်အတွက်ဆိုပြီးတော့ အဆင့်ဆင့် တင်းကျပ်ခဲ့တဲ့ ညွှန်ကြားချက်ပေါင်း ၃၈ ခု ရှိပါတယ်။ အဲတော့ ၅၁ ခုမှာ ၃၈ ခုကို ပယ်ဖျက်လိုက်ပါပြီ။ အဲဒီတော့ ညွှန်ကြားချက် ၁၃ ခုပဲ ကျန်ပါတယ်။ အမှာစာမှာလည်း အလားတူပါပဲဗျာ။ ၂၆ ခုရှိတယ်။ အမှာစာပေါင်း ၂၂ ခု ပယ်ဖျက်လိုက်ပါတယ်။ အမှာစာ ၄ ခု ကျန်ပါတယ်။ အဲဒီတော့ ညွှန်ကြားချက် ၁၃ ခုသည် စာပေစိစစ်ခြင်းဆိုင်ရာနဲ့ ဘာမှ  မပတ်သက်တော့ဘဲ ပုံနှိပ်ထုတ်ဝေသူ လိပ်စာပြောင်းတို့ နေရာပြောင်းတို့ဆိုရင် လာပြီး register လုပ်ကြဖို့။ ဒါက ၆၂ ဥပဒေအရ ရှိနေသေးလို့ ပြောတာပါခင်ဗျာ။ နောက်တခုက မြန်မာစာသတ်ပုံကျမ်းနဲ့အညီ ပြဖို့ပေါ့။ အဲဒီ ညွှန်ကြားချက်လေးတွေပဲပေါ့ဗျာ။ အမှာစာ ကျန်တဲ့ ၄ ခု ဆိုတာက ဒီဘက် ၁ နှစ်နဲ့ ၅ လအတွင်းမှာ လျှော့ပေါ့ခဲ့တဲ့ဟာတွေ တင်ထုတ်ကနေ ထုတ်တင်ဆိုပြီး ပြောင်းခဲ့တဲ့ ပြီးခဲ့တဲ့ အဆင့် ၄ ဆင့်အတွက် ထုတ်ခဲ့တဲ့ အမှာစာ ၄ ခုပါ။ ဒါကြောင့်မို့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူ ထုတ်ဝေသူ မှတ်ပုံတင် နည်းဥပဒေ အမိန့်ညွှန်ကြားချက်ကို ပြန်ကြည့်ရင်တော့ ဒီ ညွှန်ကြားချက်နဲ့ အမှာစာက စာပေလောကသားတွေကို တင်းကျပ်ဖို့ လုပ်ထားတဲ့ဟာတွေ တခုမှ မရှိတော့ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်ဗျ။

ဦးတင့်ဆွေနဲ့ ဆိုင်မဆိုင်တော့ မသိဘူးဗျ။ စာနယ်ဇင်း အမြုတေ ကောင်စီဆိုတာကရော ဆက်ရှိနေဦးမလားဗျ။

“အဲဒါကတော့ ပြည်ထောင်စုဝန်ကြီးနဲ့လည်း ဆွေးနွေးနေတာ ရှိပါတယ်ဗျ။ ဆရာ မောင်ဝံသ တို့၊ ဆရာဦးသီဟစောတို့ ပြောတာတွေ ရှိပါတယ်။ အကြမ်းဖျင်းကတော့ သူတို့ ကိုယ်စားလှယ်တွေက တောင်းဆိုတဲ့ အချက်ကလေးတွေ ရှိပါတယ်ဗျ။ အဲဒါလေးဆွေးနွေးနေတာ ရှိပါတယ်ဗျာ။ ဆက်ပြီးတော့ လုပ်ဖို့ဟာတွေ ကျနော်တို့ ဘာမှ မသိရသေးပါဘူး။ သီးခြား ညွှန်ကြားချက်လည်း မလာသေးပါဘူး။ မပြီးပြတ်သေးဘူးပေါ့ဗျာ။”

စာပေစိစစ်ရေးနဲ့ လုပ်လာကြပြီးမှ စာပေစိစစ်ရေး မရှိတော့ဘူးဆိုတော့ ဦးတင့်ဆွေ တခါ ဆောင်းပါးရေးဖူး သလိုပေါ့ဗျာ။ စာပေလောကသားတွေအတွက် အမှာစကားတွေပဲ ဖြစ်ဖြစ်၊ စာဖတ်ပရိသတ်တွေအတွက်ပဲ ဖြစ်ဖြစ်၊ တခုခု အမှတ်တရလေး ပြောပေးပါလားဗျ။

“တကယ်တမ်း ၆၂ ခုနှစ် ဥပဒေ ထုတ်ထုတ်ချင်းမှာ စာပေစိစစ်တယ်ဆိုတာ မပါသေးဘူးဗျ။ နောက်ကျမှ ညွှန်ကြားချက်တွေ ဆိုပြီး စာပေစိစစ်ရေးက စတာပေါ့။ ၁၉၆၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ ပထမဆုံးစပြီး ညွှန်ကြားချက် ၁ ဆိုပြီး ထုတ်တယ်။ အဓိကတော့ နိုင်ငံရေးဆိုင်ရာစာပေတွေကို စာပေစိစစ်ရေးမှတ်ပုံတင် ဌာနကို မိတ္တူ ၂ စောင် တင်ပြဖို့ ပြောတာပါဗျ။ နိုင်ငံရေး (၀ါဒရေး/ဘာသာရေး/စီပွားရေး)ဆိုပြီး ရေးပါတယ်ဗျ။ ကျနော်တို့ အခု ပြန်တွက်ကြည့်လိုက်ရင် အခု ၂၀၁၂ ခုနှစ် သြဂုတ် ၂၀ ဆိုတော့ ၄၈ နှစ်နဲ့ ၁၄ ရက် အကြာမှာ စိစစ်တဲ့ ညွှန်ကြားချက်တွေဟာ ပယ်ဖျက်တဲ့အဆင့်ကို ပြန်ဖြစ်သွားပါပြီ။ ဒါကြောင့်မို့ စာပေလောကသားတွေ အနေနဲ့ကတော့ စိစစ်ခြင်းကနေ ကင်းလွတ်ပြီး လွတ်လပ်တဲ့ အခြေအနေကို ပြန်ရောက်ပြီ။ ဒီလို အနေအထားမှာ အားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လွတ်လွတ်လပ်လပ်နဲ့ စတုတ္ထမဏ္ဍိုင်ပီသစွာ ၀ိုင်းဝန်းလုပ်ဆောင်ကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒါကတော့ ကျနော် တကယ် ၀မ်းပမ်းတသာနဲ့ ကျနော်ပြောတာ ဖြစ်ပါတယ်ဗျာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013