DVB Logo
Home
မြန်မာသတင်း
စပါးခွံလောင်စာနှင့်စွန့်ပစ်ပစ္စည်းများဖြင့် စွမ်းအင်သစ်ဖော်ထုတ်အသုံးပြုရန် ဒုသမ္မတ တိုက်တွန်း
DVB
·
October 13, 2018
စပါးခွံလောင်စာနှင့်စွန့်ပစ်ပစ္စည်းများဖြင့် စွမ်းအင်သစ်ဖော်ထုတ်အသုံးပြုရန် ဒုသမ္မတ တိုက်တွန်း
Donate to DVB

လျှပ်စစ်မီးမရသေးတဲ့ MSME လုပ်ငန်း (ကုန်ထုတ်လုပ်မှု) ၁၃ ရာခိုင်နှုန်း ကျန်ရှိနေတာကြောင့် စပါးခွံလောင်စာတောင့်အပါဝင် စွန့်ပစ်ပစ္စည်းတွေ အသုံးချပြီး စွမ်းအင်အသစ်တွေ ဖော်ထုတ်အသုံးပြုကြဖို့ ဒုသမ္မတ ဦးမြင့်ဆွေက တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က ကျင်းပတဲ့ နေပြည်တော်နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းတွေရဲ့ ဆဋ္ဌမအကြိမ်မြောက် ထုတ်ကုန်ပစ္စည်းများ ပြပွဲပြိုင်ပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

“စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သော MSME လုပ်ငန်း (ကုန်ထုတ်လုပ်မှု) ၂၀၁၇ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံတွင်ရှိသည့် MSME လုပ်ငန်းများထဲ၌ လျှပ်စစ်မီးမရရှိသေးသည့် MSME လုပ်ငန်းများသည် ၁၃ ရာခိုင်နှုန်းခန့် ကျန်ရှိနေသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စပါးခွံလောင်စာတောင့် အပါအဝင် မြန်မာနိုင်ငံတွင်ရှိသည့် Resources များ၊ စွန့်ပစ်ပစ္စည်းများကို အသုံးချပြီး စွမ်းအင်အသစ်များကို ဖော်ထုတ်အသုံးပြုကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။”

စွန့်ပစ်ပစ္စည်းတွေကို နည်းပညာအသုံးပြုပြီး ပစ္စည်းအသစ်တွေအဖြစ် တွင်တွင် ကျယ်ကျယ် ထုတ်လုပ်လာနိုင်ပါက အမြတ်ပိုမိုရရှိလာပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ စပါးခွံတွေကို နည်းပညာအသုံးပြုကာ လောင်စာတောင့်အဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းမှာ အသုံးပြုနိုင်သလို တရုတ်၊ ဂျပန်နှင့် ကိုရီးယား နိုင်ငံတွေကိုလည်း တင်ပို့ရောင်းချနိုင်မယ်လို့ ဒုသမ္မတက ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ MSME လုပ်ငန်းများအနေနဲ့ စီးပွားရေးဆိုင်ရာ ဆန်းသစ်တဲ့ အတွေးအခေါ် အသိအမြင်တွေ ဖွံ့ဖြိုးတိုးတက်လာပြီး ပိုမိုကောင်းမွန်တဲ့ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်မှသာ ဒေသတွင်းလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး နိုင်ငံတကာ ဈေးကွက်တွေကို ထိုးဖောက်ဝင်ရောက်နိုင်မယ်လို့ ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံမှာ ပြည်ပကို စားသောက်ကုန် ထုတ်လုပ်တင်ပို့မှုစာရင်းမှာ ကမ္ဘာအဆင့် ၁၃ နဲ့ အာရှအဆင့် ၃ ရှိတယ်၊ အများဆုံးတင်ပို့တဲ့ ကုန်ပစ္စည်းတွေမှာ ဆန်၊ ကြက်သား၊ သကြား၊ ပုစွန်၊ စည်သွပ်ဘူး၊ တူနာငါးနဲ့ နာနတ်သီး တို့ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးမွေးမြူထွက်ရှိနေတဲ့ အသားငါးနဲ့ သီးနှံထွက်ကုန်တွေ ဖြစ်တယ်လို့ ဒုသမ္မတက ပြောပါတယ်။

ဒါကြောင့်စိုက်ပျိုးရေးကို အခြေခံတဲ့ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းတွေ ပိုမိုတိုးတက် မြင့်မားလာစေရေးအတွက် MSME လုပ်ငန်းတွေကို အားပေးမြှင့်တင်နေပြီး၊ စိုက်ပျိုးသီးနှံတွေကို တန်ဖိုးမြင့်ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာပြီး ဈေးကွက် တည်ငြိမ်မှုရှိလာမှာဖြစ်ကြောင်း သမ္မတက ပြောကြားသွားပတယ်။

အမြဲပြောင်းလဲနေတဲ့ စီးပွားရေးပတ်ဝန်းကျင်ထဲ ရေရှည်ရပ်တည်ရှင်သန်နိုင်ဖို့ MSME လုပ်ငန်းတွေအနေနဲ့ သတင်းအချက်အလက်တွေကို မျက်ခြည်မပြတ်ရယူပြီး ထုတ်ကုန်ပစ္စည်း အရည်အသွေး ကောင်းမွန်စေရေး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိရေးနဲ့ နိုင်ငံတကာ ဈေးကွက်ရရှိစေရေးတို့အတွက် ကြိုးစားအားထုတ်သွားရမည်ဖြစ်ကြောင်း၊၊ နိုင်ငံရဲ့ လူမှု စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုနိုင်တဲ့ MSME အသိုက်အဝန်းတခု ဖြစ်ထွန်းလာရေး  ကြိုးပမ်းကြဖို့လည်း ဒုသမ္မတက တိုက်တွန်းသွားပါတယ်။

MSME လုပ်ငန်းတွေရဲ့ ဆဋ္ဌမအကြိမ်မြောက် ထုတ်ကုန်ပစ္စည်းတွေ ပြပွဲပြိုင်ပွဲ (၂၀၁၈) ကို နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၅ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013