
သီတင်းတပတ်အတွင်း ပြည်တွင်းရွှေဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ငါးသောင်းကျော်ဈေးတက်လပြီး ဒေါ်လာဈေးဟာလည်း အမေရိကန် ၁ ဒေါ်လာကို တစ်ထောင်ခြောက်ရာဝန်းကျင်အထိမြင့်တက်နေပါတယ်။
စသုံးလုံးကဒေါ်လာဈေးနဲ့ ရွှေဈေးကစားသူတွေကိုအရေးယူခဲ့ပြီး တစ်ပါတ်ကျော်လောက်အကြာမှာ ရန်ကုန်ရွှေဈေးကွက်မှာ အရောင်းအ၀ယ်ပြန်ဖြစ်လာပေမယ့် ရွှေကုန်သည်တွေ မရှိတော့တာကြောင့်ဈေးကွက်အတွင်းမှာ ရွှေရောင်းသူဝယ်သူ တိုက်ရိုက်ရောင်းချနေတာကြောင့်ရွှေဈေးတွေလည်းတက်နေပါတယ်။
ယခင်ကမ္ဘာရွှေဈေးနဲ့ နှိုင်း ယှဉ်ရင်ပြည်တွင်းရွှေဈေးက နိမ့်နေပေမယ့်လက်ရှိအချိန်မှာ ကမ္ဘာ့ပေါက်ဈေးနဲ့အတူတူဖြစ်လာတယ်လို့ တိတ်စိန်ရွှေဆိုင်က ဦးဇော်အောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ သတင်းကျွတ်ပွဲတော် အချိန်ကာလနဲ့ သင်္ကြန်တွင်းကာလတွေမှာ ပုံမှန်အားဖြင့် ရွှေဈေးတွေတက် လေ့ရှိတာလည်းဖြစ်ပါတယ်။
ရန်ကုန်တိုင်း ရွှေအသင်းရုံးမှာ အခေါက်ရွှေတစ်ကျပ်သားကို ဆယ်သိန်းနှစ်သောင်း ၀န်းကျင် ပေါက်ဈေးရှိပါတယ်။
ပြည်တွင်းရွှေဈေးတက်နေတာနဲ့အတူ မြန်မာကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာ လဲလှည်နှုန်းဟာ လည်း အတူ လိုက်ပါမြင့်တက်နေတာပါ။
ဒေါ်လာဈေးတက်လာတာဟာ ပုံမှန်အရောင်းအ၀ယ်လုပ်နေတဲ့ ငွေလဲကောင်တာတွေ မှာဖြစ်ပြီး ပြင်ပငွေလဲဈေးကွက်ကတော့ အရောင်းအ၀ယ်မရှိတာကြောင့် ဈေးသတ်မှတ်နိုင်ခြင်း မရှိပါဘူး။
ငွေလဲကောင်တာတွေမှာသာ ငွေလဲနိုင်တာကြောင့် ဘဏ်ဖွင့်ပြီး အရောင်းအ၀ယ်များတဲ့နေ့မှာ ဒေါ်လာဈေးတက်နေပေမယ့် ဘဏ်ပိတ်ရက်တွေမှာ ဒေါ်လာဈေးကျ နေပါတယ်။
အောက်တိုဘာလ ၁၂ ရက် ပြင်ပဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ၀ယ်ဈေး ၁၅၆၀ ကျပ်၊ ရောင်းဈေး ၁၆၉၀ ကျပ်အထိ စံချိန်တင်ဈေး မြင့်တက်နေပါတယ်။











