
မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့အတွက် နိုင်ငံတကာ အသိုက် အဝန်းနဲ့ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို ပူးပေါင်းပါဝင် ဖြေရှင်းသွားရန် အသင့်ဖြစ်နေပြီလို့ သမ္မတ ဦးဝင်းမြင့်ကပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဘာလီကျွန်းမှာ အောက်တိုဘာ ၁၁ရက်က ကျင်းပတဲ့ အာဆီယံခေါင်းဆောင်များစုဝေးပွဲ မိန့်ခွန်းမှာ သမ္မတ ဦးဝင်းမြင့်က ထည့်သွင်းပြောသွားတာပါ။
“မိမိတို့အနေဖြင့် ကမ္ဘာ့အသိုက်အဝန်းနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ဖွံ့ဖြိုးမှုကွာဟချက်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အလေးအနက် ဆောင်ရွက်သွားမယ်။ မြန်မာအနေနဲ့ အာဆီယံမိသားစုဝင် နိုင်ငံများအားလုံးနဲ့ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီမြန်မာနိုင်ငံ ဖြစ်ထွန်းလာစေဖို့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်”လို့ သမ္မတက ပြောပါတယ်။
ဆူလာဝေစီကျွန်းမှာဖြစ်ပွားခဲ့တဲ့ မြေငလျင်နှင့် ဆူနာမီရေလှိုင်းကြောင့် အသက်အိုးအိမ်စည်းစိမ်တွေများစွာ ထိခိုက်သေကြေပျက်စီးခဲ့ရတဲ့အတွက် အင်ဒိုနီးရှားအစိုးရ၊ ပြည်သူတစ်ရပ်လုံးနဲ့ အတူ ထပ်တူဝမ်းနည်းကြေကွဲရတဲ့အကြောင်းလည်း မြန်မာသမ္မတက ပြောပါတယ်။
ဒါ့အပြင် လက်ရှိအစိုးရရဲ့ ၂ နှစ်တာ ကာလအတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံရဲ့ မျှတပြီး အများပါဝင်နိုင်တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးတိုးတက်မှုရရှိဖို့ ဆောင်ရွက်ချက်တွေကိုလည်း ပြောကြားသွားခဲ့ပြီး ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့တော့ ထည့်သွင်းပြောဆိုသွားခြင်းမရှိပါဘူး။
မြန်မာနိုင်ငံအနေနဲ့ Rio 20 Summit တွင် ပါဝင်တက်ရောက်ခဲ့တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်တာနဲ့အညီ Green Growth Strategiesကို ချမှတ်ဆောင်ရွက်နေကြောင်းနဲ့ ခုအခါ အစိမ်းရောင်ဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး ပြည်သူတွေအကြား အသိအမြင် တိုးတက်စေဖို့ အလေးထား ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသနဲ့ တောင်အာရှဒေသအကြား ပထဝီအနေအထားအရ မဟာဗျူဟာမြောက်စွာ တည်ရှိနေလို့ မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အဦလိုအပ်ချက်တွေကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရင် ဒေသတွင်း ပေါင်းစပ်ဆက်သွယ်မှုကို များစွာ အထောက်အကူပြုနိုင်မယ်၊ မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက် စိုက်ပျိုးရေးထုတ်ကုန် တိုးမြှင့်စေခြင်းအားဖြင့် ဒေသတွင်း စားနပ်ရိက္ခာလုံခြုံရေး ကို အထောက်အပံ့ဖြစ်စေမယ်လို့လည်း သမ္မတက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးမှုနဲ့ လူဦးရေများပြားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နောက်ကျ ကျန်နေတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ ရုပ်ဝတ္ထု ဆိုင်ရာချိတ်ဆက်မှုတွေ ခိုင်မာအား ကောင်းစေဖို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမယ်လို့လည်း သမ္မတက ဆိုပါတယ်။
အာဆီယံခေါင်းဆောင်များစုဝေးတွေ့ဆုံပွဲမှာ အင်ဒိုနီးရှားသမ္မတ၊ ဖိလစ်ပိုင်သမ္မတ၊ ဘရူနိုင်းဘုရင်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား စင်ကာပူနဲ့ ဗီယက်နမ်ဝန်ကြီးချုပ်တို့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ကလည်း မိန့်ခွန်းတွေ အသီးသီးပြောကြားခဲ့ကြပါတယ်။
ဓာတ်ပုံ- သမ္မတရုံး











