
Celtic တေးဂီတ အမျိုးအစားဟာ Celtic လူမျိုးတွေရဲ့ ရှေးကျတဲ့ ကျေးလက်ရိုးရာ တေးဂီတအမျိုးအစားထဲမှာ ပါဝင်ပြီး နောက်ပိုင်းမှာတော့ ကျယ်ပြန့်လာတဲ့ တေးဂီတ အမျိုးအစားတခု ဖြစ်လာခဲ့ပါတယ်။
အိုင်ယာလန်၊ စကော့တလန်နဲ့ အင်္ဂလန်နိုင်ငံတွေရဲ့ ရှေးရိုးဆန်တဲ့ Pub တွေမှာတော့ ရိုး ရာ Celtic သီချင်းတွေကို ဖွင့်ကြလေ့ရှိပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သိပ်မကြာခင်ကမှ နာမည်ကြီးလာခဲ့တဲ့ Craíc the Knífe အမည်ရတဲ့ ရန်ကုန်အခြေစိုက် အိုင်းရစ်ခ်ျတေးဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှုကို ရှုစားကြ ရမှာ ဖြစ်ပါတယ်။
သူတို့အဖွဲ့ဟာ ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ထူးထူးခြားခြား ဖျော်ဖြေခဲ့တာဖြစ်ပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ အောက်တိုဘာလ ၉ ရက်နေ့က သူတို့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာပါ။
မြို့ပတ်ရထားဟာ ရန်ကုန်မြို့ပြဧရိယာအတွင်းမှာ ပုံမှန်အလုပ်ဆင်းတက်ရသူတွေ အတွက် အားထားရာအဓိက ပို့ဆောင်ဆက်သွယ်ရေး ကွန်ရက်တခုဖြစ်ပြီး လက်မှတ်ခနှုန်းထားဟာလည်း ဈေးနှုန်းသက်သာတာမို့ အသုံးပြုသူဦးရေ များပြားပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ Craíc the Knífe အဖွဲ့ဟာ ခရီးသည်တွေကြားမှာ အတူရှိနေခဲ့တာကို တွေ့ရပြီး ရထားပေါ် ပျားပန်းခပ်လှုပ်ရှားသွားလာနေကြတဲ့ ဈေးသည်တွေ၊ ခရီးသည်တွေကြားမှာ သူတို့ရဲ့ ဖျော်ဖြေတီးခတ်မှုဟာ စိတ်ဝင်စားစရာ ဖြစ်နေခဲ့တာပါ။
ဒါဟာ လွန်ခဲ့တဲ့ ၂ လလောက်က စတူဒီယိုကို မသွားခင်မှာ ရထားပေါ် လက်စွမ်း ပြခဲ့တာလို့ ဖော်ပြထားခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ ၃ သောင်းခွဲကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။










