DVB Logo
Home
မြန်မာသတင်း
မဟာချိုင်ရှိ အလုပ်သမားခိုလှုံရေးဂေဟာကို အာဏာပိုင်များဝင်စစ်
DVB
·
October 11, 2018
မဟာချိုင်ရှိ အလုပ်သမားခိုလှုံရေးဂေဟာကို အာဏာပိုင်များဝင်စစ်
1 / 6
Donate to DVB

ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့က အခက်အခဲရှိ မြန်မာအလုပ်သမားတွေ ခိုလှုံနေတဲ့ အဖွဲ့အစည်းပိုင်ဂေဟာတခုကို မနေ့က ဒေသခံအာဏာပိုင်တွေ ဝင်ရောက် စစ်ဆေးခဲ့ပြီး ဂေဟာကို ပိတ်ခိုင်းသလို ရေမီးလည်း ဖြတ်တောက်ခံထားရပါတယ်။

အေအေစီ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (ယာယီဖျက်သိမ်း) က ဖွင့်လှစ်ထားတဲ့ဂေဟာကို နယ်မြေခံ ရဲ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းတွေ ပါဝင်တဲ့ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၁ဝ ရက် မနက် ၁ဝ နာရီလောက်မှာ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့တာလို့  အေအေစီအဖွဲ့တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“နယ်မြေခံရဲတွေလာတာပါ၊ သူတို့ပြောတာ တိုင်တန်းချက်တွေအရ လာတာပေါ့နော်။ ခု ရက်ပိုင်းမှာ အမ်အိုယူအလုပ်သမားတွေ တောက်လျှောက်ပြဿနာတက်တယ်။ အမ်အိုယူ အေဂျင်စီရဲ့ မသမာမှုတွေကို ကျနော်တို့က တောက်လျှောက်ဖော်ထုတ်တယ်။ စာချုပ်ပါ စည်းကမ်းချိုးဖောက်ခံရတဲ့အလုပ်သမားတွေလည်း ဂေဟာကိုဆက်တိုက်ဝင်လာတာ ရှိတယ်။ အဲလို မကျေနပ်ချက်တွေ ပါလိမ့်မယ်။ ကျနော်တို့ကြားတာကတော့ အေဂျင်စီဘက် အသိုင်း အဝိုင်းက တိုင်လို့ ဝင်ပြီးတော့ဖမ်းတာ၊ စစ်ဆေးတာလို့ သိရတယ်။ ကျနော်တို့ စီစီတီဗွီ တပ်ထားတာကို အတင်းအဓမ္မဖြုတ်ပစ်တယ်။ ဒုက္ခိတအလုပ်သမားတယောက်က သူတို့ကို ဘုရားခန်းထဲ ဖိနပ်စီးမဝင်ဖို့ တားမြစ်တာကို စစ်သားတယောက်က နားရင်းပိတ်အုပ်တယ်။ အဲဒီအလုပ်သမားက မီးလောင်ခံရပြီး လက်တွေလုံးဝမသန်ဘူး။ ဇွန်းတောင် မကိုင်နိုင်ဘူး။ ပြီးတော့ အလုပ်သမားတွေ လက်မှတ်ရှိတာ မရှိတာကို စိတ်မဝင်စားဘူး။ ဂေဟာကို ပိတ်ပစ်ဖို့ ဘဲ ဦးတည်ချက်ထားတယ်။ ဘာကြောင့်လဲဆိုတာ မပြောဘူး။ တာဝန်အရ လုပ်ရတာဘဲ ပြောတယ်။ နောက်ထပ်အလုပ်သမားတွေ လက်မခံဖို့၊ ဂေဟာပိတ်ပစ်ဖို့ဘဲပြောတယ်။ ဒီနေ့တော့ ရေရော မီးရော အကုန်အဖြတ်ခံလိုက်ရပြီ။”

အဆိုပါ ဂေဟာမှာ ပြဿနာအခက်အခဲအမျိုးမျိုးကြောင့် လာရောက်ခိုလှုံနေသူ အလုပ်သမားပေါင်း ၁၀၀ ဝန်းကျင်ရှိပြီး မရည်ရွယ်ဘဲရလာတဲ့ကိုယ်ဝန်ကြောင့် မွေးဖွားလာသူ ကလေးနဲ့ မိခင် ၃ ဦးကိုပါ စောင့်ရှောက်ထားကြောင်း၊  ရေမီးဖြတ်ခံထားရတာကြောင့် ရေမချိုး ရ၊ ပန်ကာမဖွင့်ရ ပူအိုက်တဲ့အခက်အခဲတွေဖြစ်နေကြောင်း၊ အဲဒီထဲက အမ်အိုယူအလုပ်သမား ၃ဝ ကို ထိုင်းမြန်မာသံရုံးလက်အောက်ခံ အမ်အိုအီးအေအက်ဖ် ပြည်ပအလုပ်သမား ကူညီရေး အဖွဲ့က လာရောက်ခေါ်ယူသွားပြီး ကျန်သူတွေကတော့ ဘယ်မှမသွားဘဲ ဂေဟာမှာပဲ တွယ်ကပ်နေတယ်လို့ ပြောပါတယ်။

အလုပ်သမားအခက်အခဲတွေကို တဘက်တလမ်းကနေ ကူညီပေးနေတဲ့ သူတို့အဖွဲ့ဟာ အခုလိုပြဿနာရင်ဆိုင်ရချိန် မြန်မာသံရုံးထံမှလည်း ဘာမှအကူအညီမရသလို အဘက်ဘက် က တိုက်ခိုက်ခံနေရတာကြောင့် စိတ်မကောင်းဖြစ်မိကြောင်း၊ သူ့အနေနဲ့ ထိုင်းနိုင်ငံထဲကနေ ကူညီခွင့်မရှိတော့ရင်လည်း မြန်မာနယ်စပ်ကနေ ကူညီပေးသွားမယ်လို့ ကိုရဲမင်းက ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013