DVB Logo
Home
မြန်မာသတင်း
လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်ဖြစ်ရေးအတွက် ဆွေးနွေး
DVB
·
August 19, 2012
လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်ဖြစ်ရေးအတွက် ဆွေးနွေး
1 / 2
Donate to DVB

ရခိုင်ပြည်နယ်ပဋိပက္ခ ဖြစ်ရပ်မှန် ဖော်ထုတ်ရေးအတွက် ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ ပထမဆုံးအစည်းအဝေးမှာ လွတ်လပ်တဲ့ ကော်မရှင်ဖြစ်ရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

[caption id="attachment_29426" align="alignleft" width="300" caption="၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး "][/caption]

လူပေါင်း ၉၀ လောက် သေဆုံးပြီး သောင်းနဲ့ချီ နေရာပြောင်းရွှေ့ခဲ့ရတဲ့ ရခိုင်ပြည်နယ်က မငြိမ်သက်မှုတွေနဲ့ ပတ်သက်လို့ ဖြစ်ရပ်မှန်ဖော်ထုတ်ရေးအတွက် ဩဂုတ် ၁၇ ရက်က ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ ပထမဆုံး အစည်းအဝေးကို ဒီနေ့မနက် ၉ နာရီကနေ ၁၂ နာရီထိ မရမ်းကုန်းမြို့နယ်ရှိ မြန်မာ အီးဂရက် (Myanmar Egress) ရုံးခန်းမှာ ပြုလုပ်ခဲ့တာပါ။

ဦးကိုကိုကြီးက “လွတ်လပ်တဲ့ ကော်မရှင်ဖြစ်ဖို့အတွက် အဓိက ဦးတည်ထားတယ်။ ပါဝင်တဲ့သူတွေနဲ့ပတ်သက်ပြီး ကဏ္ဍအသီးသီးကပေါ့လေ၊ တိုင်းရင်းသားပိုင်းကရော၊ ဘာသာရေးဆိုင်ရာရော၊ တခြား အရပ်ဘက်အဖွဲ့အစည်းတွေပါ ပါအောင်ဆိုတော့ တော်တော်လေးတော့ စုံစုံလင်လင် လုပ်ထားပါတယ်။ ဒီလုပ်ငန်းဟာ အင်မတန် ကျယ်ပြန့်ပြီး သိမ်မွေ့တဲ့ကိစ္စဖြစ်တော့၊ ကျယ်ပြန့်နိုင်သလောက် ကျယ်ပြန့်ရင်တော့ အကောင်းဆုံးပေါ့။ ဒါကိုလည်း အားလုံးက ၀ိုင်းဝန်းပြီးတော့ အကြံဥာဏ်ပေးတာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေလုပ်ဖို့လည်း တိုက်တွန်းထားတာပေါ့။ လောလောဆယ်ရှိတဲ့သူတွေက နယ်ပယ်တော်တော်များများကနေ ပူးပေါင်းပါဝင်တာတွေ့ရပါတယ်” လို့ ပြောပါတယ်။

အစည်းအဝေးမှာ ကော်မရှင်ရဲ့နောက်ပိုင်းလုပ်မယ့် လုပ်ငန်းတွေ လွတ်လပ်မှုရှိဖို့ နည်းနာတွေ၊ လုပ်ငန်းကော်မတီတွေဖွဲ့ဖို့ အကြမ်းဖျင်း ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

“လတ်တလောဖြေရှင်းရမယ့် ကိစ္စတွေ၊ ရေရှည်ဖြေရှင်းရမယ့် ကိစ္စတွေ အားလုံးကို ရှုထောင့်ပေါင်းစုံကနေ ၀ိုင်းပြီး ဆွေးနွေးအဖြေရှာကြဖို့၊ လိုအပ်တဲ့ စုံစမ်းလေ့လာမှုတွေလုပ်ဖို့ ပြောဖြစ်တယ်။ တချို့နေရာတွေမှာ တွေ့ဆုံမေးမြန်းရမှာတွေ၊ လိုအပ်တဲ့နေရာတွေ ကြည့်ရှူလေ့လာရေးနဲ့ ပတ်သက်လို့ ခရီးသွားလာရေးနဲ့ ပတ်သက်တဲ့ အခြေအနေ ပံ့ပိုးပေးနိုင်မှုတွေ၊ နောက် တွေ့ဆုံဆွေးနွေးတဲ့အခါမှာ လူတွေပြောရဲဆိုရဲအောင်၊ သူတို့နဲ့ ပတ်သက်လို့ လုံခြုံရေးအာမခံချက်ရှိဖို့လည်း ၀ိုင်းဆွေးနွေးကြပါတယ်။”

ကော်မရှင်ရဲ့ လုပ်ငန်းတာဝန် လျာထားချက်တွေနဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးက အခုလိုပြောပါတယ်။

“ကော်မရှင်ရဲ့ ရည်ရွယ်ချက်အပိုင်းတွေကို လုပ်ငန်းတာဝန်ခွဲတဲ့အခါကျတော့ အချက်အလက်ရှာဖွေတဲ့ကိစ္စတွေရှိမယ်။ နောက် လူမှုရေး၊ စီးပွားရေး၊ ပဋိပက္ခဖြေရှင်းရေးနဲ့ သဟဇာတဖြစ်ရေးအတွက်ကို အကြံပြုချက်တွေ၊ အမြင်အယူအဆတွေ စုစည်းပြီးတော့ ဖော်ပြပေးရမှာရှိတယ်။ ကော်မတီတခုချင်းစီအလိုက် အသေးစိတ် လုပ်ငန်းကော်မတီလေးတွေခွဲဖို့အတွက် အကြမ်းဖျင်းဆွေးနွေးကြတာရှိပါတယ်။ ထပ်ပြီးတော့ ဆွေးနွေးရဦးမှာပါ။”

ကော်မရှင်က လုပ်ဆောင်သွားမယ့် လုပ်ငန်းပိုင်းအခြေအနေတွေကို နယ်စပ်ဒေသ၀န်ကြီးနဲ့ တွေ့ဆုံပြီး ဆွေးနွေးသွားမယ်လို့လည်း ဆိုပါတယ်။ ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း သွားရောက်စုံစမ်းရာမှာလည်း သက်ဆိုင်ရာနဲ့ညှိနှိုင်းပြီး လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးနိုင်အောင်လည်း လုပ်ဆောင်သွားမယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

[caption id="attachment_29425" align="alignright" width="300" caption="လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်ဖြစ်ရေးအတွက် ဆွေးနွေးနေစဉ်"][/caption]

ရခိုင်ပြည်နယ်က ပဋိပက္ခရဲ့အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ရေး ကော်မရှင်မှာ အဖွဲ့ဝင် ၂၇ ဦး ပါဝင်ပြီး ဥက္ကဋ္ဌကတော့ သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာမျိုးမြင့် ဖြစ်ပါတယ်။

အတွင်းရေးမှူးအဖြစ် မြန်မာအီးဂရက်က ဒေါက်တာကျော်ရင်လှိုင်၊ အဖွဲ့ဝင်တွေအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးထွန်းအောင်ချိန်၊ နိုင်ငံရေးပါတီတွေက ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်၊ ဦးခင်မောင်ဆွေနဲ့ ဒေါ်သန်းသန်းနုတို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ လူရွှင်တော် ဇာဂနာ၊ စာရေးဆရာ မောင်ဝံသ၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ဦးအောင်နိုင်ဦး၊ ခရစ်ယာန်နဲ့ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ စီးပွားရေးသမားတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။

ဒီနေ့အစည်းအဝေးကိုတော့ အဖွဲ့ဝင် တော်တော်များများ တက်ရောက်ပါတယ်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ ပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်းတွေ၊ သေဆုံးဒဏ်ရာရ ပျက်စီးဆုံးရှုံးမှုတွေ၊ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေး၊ ပဋိပက္ခချုပ်ငြိမ်းပြီး ကွဲပြားတဲ့ ဘာသာအယူရှိသူတွေနဲ့ မတူတဲ့ လူမျိုးတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်မယ့် နည်းလမ်းတွေ၊ ဥပဒေစိုးမိုးရေးနဲ့ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်တွေကို စုံစမ်းစစ်ဆေးပြီး စက်တင်ဘာ ၁၇ ရက်နေ့အရောက် တိုက်ရိုက်အစီရင်ခံရမယ်လို့ သမ္မတရဲ့ ညွန်ကြားချက်က ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013