
ပုဂံ ငလျင်လှုပ်ပြီးချိန်ကနေ အခုအချိန်အထိ (၂) နှစ်တာ ကာလအတွင်း စေတီပုထိုး ၃၀၀ ကျော် ကို ပြုပြင်ထိန်းသိမ်းပြီးဖြစ်တယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။
မန္တလေးတိုင်း၊ ပုဂံဒေသမှာ အောက်တိုဘာ ၁၀ ရက်ကလုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးတွေနဲ့ သာသနိက အဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ (တတိယအကြိမ်)အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
“ငလျင်လှုပ်ပြီးချိန်ကနေ အခုအချိန်အထိ (၂) နှစ်တာ ကာလအတွင်း ပထမဦးစားအဖြစ် စေတီပုထိုး (၁၉)ဆူ၊ ဒုတိယ ဦးစားပေးအဖြစ် စေတီပုထိုး (၃၃) ဆူ၊ တတိယဦးစားပေးအဖြစ် စေတီပုထိုး (၄၉)ဆူနဲ့ အသေးစားပြုပြင်ခဲ့တဲ့ စေတီပုထိုး (၂၂၄) ဆူ၊ စုစုပေါင်း စေတီပုထိုး (၃၂၅) ဆူကို ပြုပြင်ထိန်းသိမ်းပြီးဖြစ်ပါတယ်၊ လက်ရှိ လုပ်ငန်းဆောင်ရွက်ဆဲ စေတီပုထိုး (၂၁) ဆူနဲ့ ဆောင်ရွက်ရန်ကျန် စေတီပုထိုး (၄၃)ဆူသာ ရှိတာကို တွေ့ရပါတယ်။”
၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်း လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ စေတီပုထိုး၊ သာသနိက အဆောက်အဦ (၃၈၉)ဆူ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ရှေးဟောင်းစေတီပုထိုးတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ UNESCO အဖွဲ့အစည်းအပါအဝင် ပြည်တွင်း၊ ပြည်ပပညာရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုအရ ပထမဦးစားပေး ပြုပြင် ထိန်းသိမ်းရန် စေတီပုထိုး (၃၆)ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် စေတီပုထိုး (၅၃) ဆူ၊ တတိယ ဦးစားပေး ပြုပြင်ထိန်းသိမ်းရန် စေတီပုထိုး (၇၆)ဆူနဲ့ အသေးစား ပြုပြင်ရန် စေတီပုထိုး (၂၂၄)ဆူဆိုပြီး ခွဲခြားသတ်မှတ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ငလျင်ဒဏ်သင့် ပုဂံစေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းရာမှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက်ပါ ကိုက်ညီမှုများရှိစေဖို့ UNESCO အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။
၂၀၁၆ ငလျင်ဖြစ်ပွားခဲ့ချိန်ကနေ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ အလှူငွေ ကျပ် ၄၆ဝ၅၉သိန်း၊ အမေရိကန်ဒေါ်လာ ၁၁သိန်း၊ ထိုင်းဘတ် ၁ဝ၈၂ဝ၊ စင်ကာပူဒေါ်လာ ၇၂၅ဝ၊ ဂျပန်ယန်း ၃ဝဝဝဝ အပါအဝင် တရုတ်ယွမ်၊ မလေးရှား ရင်းဂစ်၊ ကိုရီးယားဝမ်၊ ဥရောပသုံးငွေ ယူရိုတို့ပါ လက်ခံရရှိထားပါတယ်။










