DVB Logo
Home
မြန်မာသတင်း
နန်းမိုဟွမ်ကို အမြန်ဆုံးလွှတ်ပေးရန် တီအန်အယ်လ်အေ သဘောတူ
DVB
·
October 10, 2018
နန်းမိုဟွမ်ကို အမြန်ဆုံးလွှတ်ပေးရန် တီအန်အယ်လ်အေ သဘောတူ
Donate to DVB

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)အနေနဲ့ နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သဘောတူညီခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC က ကြေညာပါတယ်။

နန်းမိုဟွမ်ကို တီအန်အယ်လ်အေက ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး FPNCCက ကြားဝင်စေ့စပ်ခဲ့ရာ အခုလို သဘောတူညီမှုရရှိခဲ့တာလို့ ဒီကနေ့ ရက်စွဲ့နဲ့  ထုတ်ပြန်လိုက်တာပါ။

“နန်းမိုဟွမ်သည် သက်ဆိုင်ရာကိစ္စပေါ်တွင် မှားယွင်းမှုအချို့ရှိခဲ့ကြောင်း နန်းမိုဟွမ် ကိုယ်တိုင်ဝန်ခံခဲ့ခြင်းကြောင့် ထောင်ဒဏ် (၃)နှစ် ချမှတ်ခံခဲ့ရသည်ဟု ကြားသိရသည်။ ထို့ကြောင့် နန်းမိုဟွမ်မိသားစုဝင်နှင့် နမ့်ခမ်းမြို့နယ်၊ ရှမ်းလူမှုအဖွဲ့အစည်း ၁၀ဖွဲ့ ကိုယ်စားလှယ် များမှ ချမှတ်ထားသည့် ထောင်ဒဏ် (၃)နှစ်အပေါ် လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးပါရန် မေတ္တာ ရပ်ခံခဲ့ပါသည်။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PSLF/TNLA)အနေဖြင့် ကာလရှည်ကြာအတူတကွ နေထိုင်လာခဲ့သော တိုင်းရင်းသားများ ချစ်ကြည်ရင်းနီးဆက်ဆံမှုကို ရှေးရှု၍ နန်းမိုဟွမ်အား ခွင့်လွှတ်ပေးခဲ့ပြီး အမြန်ဆုံးလွှတ်ပေးရန် သဘောတူခဲ့ပါသည်။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နန်းမိုဟွမ်ကိစ္စ ပြေလည်စွာဖြေရှင်းနိုင်ခဲ့ခြင်းအပေါ် ဝမ်းသာအားရမိပါကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် မိသားစုဝင်နဲ့ နမ့်ခမ်းမြို့နယ် ရှမ်းလူမှုအသင်း အဖွဲ့အစည်း (၁၀)ဖွဲ့က ကိုယ်စားလှယ်(၄)ဦးနဲ့ တအာင်းတပ်ဖွဲ့က ကိုယ်စားလှယ်လို့တို့ မနေ့ အောက်တိုဘာ ၉ ရက်နေ့က “ဝ” ပြည်နယ်၊ ပန်ခမ်းမြို့၊ ပြင်ပဆက်ဆံရေးဌာန အစည်းအဝေးခန်းမမှာ တိုက်ရိုက်ဆွေးနွေးခဲ့တာပါ။

တအာန်းတပ်ဖွဲ့လွှတ်ပေးဖို့ သဘောတူလိုက်ပေမယ့် အမှန်တကယ် ပြန်ရောက်မှသာ ပျော်နိုင်မယ်လို့ နန်းမိုဟွန်ရဲ့ခင်ပွန်း စိုင်းစောဆွေက ပြောပါတယ်။

“အခုတောင်မှ ကျနော်က ကျနော့်လုံခြုံရေးအရ ရှောင်နေရသေးတယ်ဗျာ။ အခုကတော့ ဘာမှ ပျော်လို့မရသေးဘူး လွှတ်လာတဲ့အချိန်မှပဲ ပျော်မှာပေါ့နော်။ လွှတ်ပေးမယ်လို့ ပြောဆဲလေနော်။ လွှတ်လာတဲ့အချိန်မှပဲ ရာနှုန်းပြည့်ပျော်လို့ရမှာပေါ့။ ”

နန်းမိုဟွမ်ဟာ  ကလေး ၃ ယောက်မိခင်ဖြစ်ပြီး  ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်မနက် က သူတို့အိမ်ဆိုင်ရှေ့မှာကျောင်းသွားမယ့် ကလေးတွေကို ထမင်းကျွေးနေစဉ် တီအန်အယ်လ်အေ အဖွဲ့ဝင် ၅ ဦးက သေနတ်နဲ့ ချိန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် နမ့်ခမ်းလူမှုအဖွဲ့အစည်း၊ ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းလက်နက်ကိုင်အဖွဲ့၊ ရှမ်းမျိုးနွယ်စုအဖွဲ့၊ ရှမ်းလူငယ်အဖွဲ့၊ တအာင်းသံဃာတော်များ အဖွဲ့တို့က စာရေးတောင်းဆိုထားကြသလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနကလည်း ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နန်းမိုဟွမ်ကို အမြန်ဆုံးလွှတ်ပေးရန် တီအန်အယ်လ်အေ သဘောတူ