DVB Logo
Home
မြန်မာသတင်း
မီးသွေးအိတ်သယ်ကားသမား သေနတ်မှန်သေဆုံးမှုကိစ္စ  ရဲအရာရှိကို အမှုဖွင့်စစ်ဆေးနေ
DVB
·
October 10, 2018
မီးသွေးအိတ်သယ်ကားသမား သေနတ်မှန်သေဆုံးမှုကိစ္စ  ရဲအရာရှိကို အမှုဖွင့်စစ်ဆေးနေ
Donate to DVB

အောက်တိုဘာ ၇ ရက်က နေပြည်တော်ကောင်စီနယ်မြေမှာ မီးသွေးသယ်ကားသမား သေနတ်ပစ်ခံရပြီး သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး ရဲအရာရှိကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ချောင်းမကြီးရွာဟောင်းအနီး ဗိုလ်ရွေးလမ်းဆုံမှာ မီးသွေးအိတ် ၁၅ အိတ် တင်လာတဲ့ ကားတိမ်းမှောက်ခဲ့ပြီး မောင်းနှင်သူ ကိုမျိုးဝင်း(၃၂နှစ်)  နေရာမှာ သေဆုံးသွားတာကြောင့် အရှိန်းပြင်း မောင်းနှင်မှုနဲ့ အရေးယူပေးဖို့ ယာဉ်မှုစစ် ရဲအုပ်ရွှေလင်းက တရားလို ပြုလုပ်တိုင်တန်းခဲ့ပါတယ်။

သေဆုံးသူကို ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) အရ စစ်ဆေးတာမှာ သေဆုံးသူရဲ့ ဝဲဘက်နှာခေါင်းအပေါက် အောက်ဘက်ကနေ ဖောက်ဝင်ပြီး ဦးခေါင်းထဲမှာ ကျည်ဆန် တွေ့တာကြောင့် ဖြစ်စဉ်ကို ပြန်လည်စုံစမ်းပြီး ရဲအရာရှိ ဒုရဲအုပ်အောင် နိုင်ထွန်းကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄ အရ အရေးယူဖို့ အမှုဖွင့်ထားတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းက စခန်းမှူးဒုရဲမှူးတင်ဌေးက "အဲလိုမျိုးဖြစ်စဉ် အပေါ်မှာ ကျနော်တို့က ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄ ကို ထပ်တိုးဖွင့်လိုက်တယ်။ တဖက်အမှုကိုတော့ ပိတ်တာပေါ့။ အခုဟာက ယာဉ်မှု မဟုတ်တော့ဘူး။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄ ဖြစ်သွားပြီ။ အဲဒါကြောင့် သူ့ကို အရေးယူဆောင်ရွက်ဖို့ ရဲစခန်းထိန်းသိမ်းရေး ဥပဒေအရ အချုပ်ထဲမှာ ထည့်ထားပြီ။ အဲဒီ ဒုရဲအုပ်ကို”  လို့ ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ဒုရဲအုပ်အောင်နိုင်ထွန်းက ယာဉ်ပေါ် မီးသွေးအိတ်တွေပါလို့ ဖမ်းဆီးမယ် ပြောလို့ ကားကိုရပ်မပေးဘဲ လာလမ်းအတိုင်း ပြန်ကွေ့မောင်းခဲ့ပါတယ်။ ဒုရဲအုပ်ဟာ ကားဝဲဘက်မှန်ကိုင်းကို ကိုင်ပြီး တရွတ်တိုက်ပါသွားတုန်း ၃၈ ဗို့ ခြောက်လုံးပြူးသေနတ်နဲ့ ချိန်ပြီး ရပ်တန့်ခိုင်းတာမှာ ကျည်ပေါက်ထွက်ပြီး ယာဉ်မောင်းကို ထိမှန် သေဆုံးသွားတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ရဲမှတ်တမ်းထဲမှာလို ကျည်ပေါက်ထွက်တာမဟုတ်ဘဲ ပိုက်ဆံတောင်းတာမှာ တောင်းသလောက် မပေးတဲ့အတွက် အခုလို သေနတ်နဲ့ပစ်တာလို့ ကားပေါ်မှာပါတဲ့ မျက်မြင် သက်သေနှစ်ယောက်က ဆိုပါတယ်။

ကားခေါင်းခန်းမှာ လိုက်ပါလာတဲ့ မျက်မြင်သက်သေ ကိုအောင်ဆန်းလင်းက "အခုပစ်တဲ့သူက အရင်ကလည်း ပေးနေကျ၊ အရင်ကလည်း သုံးယောက်ဆိုလည်း ၂၀၀၀ ပေးနေကျ။ ဖြစ်တဲ့နေ့က ၂၀၀၀ ပေးပြီးသား။ ယူပြီး လေးယောက်ပါတယ်။ နောက်ထပ် ၆၀၀၀ ထပ်ပေးဖို့တောင်းတယ်။ မပေးနိုင်တော့ဘူး ပြောတော့ ရှေ့ဆက်မမောင်းနဲ့ ပြောတယ်။ ရှေ့ဆက်မောင်းမရရင် နောက်ပြန်လှည့်မယ်ဆိုတော့ လှည့်တယ်။ လှည့်တဲ့အချိန်မှာ မဖယ်ဘဲနဲ့ ဘက်မှန်ကိုကိုင်ပြီး ခြောက်လုံးပြူးနဲ့ ပစ်တယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီး ကားမှာ ရှေ့ကို ဆက်လိမ့်သွားပြီး ရေမြောင်းထဲကျတဲ့ အရှိန်နဲ့ ကားပေါ်ပါသူ နှစ်ယောက်အနက် တယောက်မှာ ကားမှန်နဲ့ ဆောင့်မိတဲ့ အရှိန်ကြောင့် နှဖူးနဲ့ မျက်နှာပြင်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ကားရပ်သွားတဲ့အချိန်မျာ တံခါးကိုဖွင့်ပြီး နှစ်ယောက်စလုံး ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

စခန်းမှူးက "ဘာပဲဖြစ်ဖြစ် ဖြစ်စဉ်တခုမှာ အပြိုင်အဆိုင်ရှိတယ်လေ။ လူတိုင်းလူတိုင်း ကတော့ ကိုယ်ထောင်ကျမှာကို မဖြစ်စေချင်ဘူး။ ရဲတပ်ဖွဲ့ဝင်တယောက်ဟာ မိသားစုရှိတယ်။ ဒီ မီးသွေးကားလေးနဲ့တော့ သူ့ဘဝကို သူ မပေးဆပ်ပါဘူး။ အကြောင်းအကျိုးရှိလို့သာ ဒီလောက်ထိ ဖြစ်သွားရတာပါ။ ဒါ ပတ်သက်မှုတခုရှိလို့၊ ပြဿနာတခုရှိလို့ ဒီလို ဖြစ်သွားရတယ်ဆိုတာ သုံးသပ်လို့ရပါတယ်။ ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာလည်း ဒီ ရဲအရာက အရက်သေစာသောက်စားထားတာလည်း မရှိပါဘူး။ ဒီရဲအရာရှိဟာ သူ့လုပ်ပိုင်ခွင့်အပေါ်မှာ ပိုလုပ်သလား သိရအောင် သေဆုံးသွားတဲ့အပေါ်မှာ သက်ဆိုင်တဲ့ဥပဒေနဲ့ အရေးယူထားတယ်။ နောက် ရဲစခန်းထိန်းသိမ်းရေးဥပဒေနဲ့လည်း အရေးယူဆောင်ရွက်နေတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ကားပေါ်ပါ မျက်မြင်သက်သေနှစ်ယောက်ကိုလည်း စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013