DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများကို မြို့ခံများဆန္ဒပြ
DVB
·
October 10, 2018
တောင်တွင်းကြီးဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများကို မြို့ခံများဆန္ဒပြ
Donate to DVB

စံပြဆေးရုံဆုရရှိထားတဲ့ တောင်တွင်းကြီးပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီးနဲ့ ဝန်ထမ်းတချို့ကို ဒေသခံပြည်သူ ၅၀ လောက်က ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ မွေးလူနာတွေကို ကျန်းမာရေးအပြည့် အဝရရေး၊ အလုပ်မလုပ်တဲ့ ည တာဝန်ကျဆရာ၊ ဆရာမများ အလိုမရှိ၊ ဆင်းရဲလူနာတွေကို ခွဲခြားဆက်ဆံတဲ့ ဆေးရုံအုပ် အလိုမရှိ စတာတွေအပါအဝင် အချက် ၁၁ ချက်ကြွေးကြော်ပြီး တောင်တွင်းကြီးမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်လိုက်တာပါ။

ဆန္ဒပြရာမှာ ပါဝင်တဲ့ ဒေါ်အေးအေးထွေးက “မွေးတဲ့လူနာတွေ အတူတူကနေပြီးတော့ နင်ကလေးမမွေးသေးဘူးလားဆိုတော့၊ ကျမ မမွေးသေးဘူးဆိုတော့ ဘယ်နှစ်ရက်ရှိပြီတုန်းတဲ့၊ လေးရက်ရှိပြီ၊ ခွဲစိတ်မွေးပေးမှာဆိုလဲ ခွဲစိတ်မွေးပေးလို့ ကျမကပြောတယ်။ ခွဲစိတ်မွေးမပေးဘူး။ အဲဒါကို ဘယ်သူကြားသွားလဲမသိဘူး ကျမကိုမွေးခန်းထဲကိုဆေးထည့်မယ်ဆိုပြီးခေါ်တာ။ အထဲလည်းရောက်ရော ညည်းက လေးရက်ရှိပြီလေး၊ ငါးရက်ရှိပြီလေးနဲ့ ပြောရအောင် သူများတွေလဲ ဒီမှာ တလလောက်နေရ တယ်တဲ့။ ငါတို့သိက္ခာကိုချတာတဲ့။ ဆေးရုံအုပ်ကြီး က ဆူတာ” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ လောက်​​လေးဂွ ခါးကြားထိုးပြီး လူနာများကို လိုက်​လံကြည့်ရှု စစ်​​ဆေး​သော ​ဆေးရုံအုပ်​အား အလိုမရှိ၊ သူနာပြု ဆရာ၊ ဆရာမတွေနဲ့သာ သက်​ဆိုင်​​တဲ့ လုပ်​ငန်းတွေကို သန့်​ရှင်းရေးဝန်​ထမ်းတွေနဲ့ ခိုင်း​စေ​နေခြင်းအား ရပ်​တန့်​​ရေး၊ ဆေးရုံ  အိမ်​သာတွေ ကန်​ထရိုက်​​ပေးပြီး အခ​ကြေး​ငွေ​ကောက်​ခံ​နေမှုအား ရပ်​တန့်​​ပေး​ရေး စတာတွေ ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

တောင်တွင်းဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဇော်မိုးကတော့ သူ့လက်ထက်မှာ ဆေးရုံ ကို အဆောက်အဦ၊ လမ်းကအစ တိုးတက်အောင်ဆောင်ရွက်ခဲ့သလို၊ ဆရာ၊ ဆရာမတွေနဲ့ ပြည်သူတွေကြား ဆက်ဆံရေးပိုင်းကိုလဲ အဆင်ပြေအောင်ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

“မွေးခန်းက ကျဉ်းပါတယ်။ ကျနော့် အသံကကျယ်ပါတယ်။ ကျနော် သူ့ကိုခေါ်ပြီး ရှင်းပြခြင်း သာဖြစ်ပါတယ်။ ဒီဖြစ်စဉ်လေးပြောရရင် သူ ၂၀ ရက်နေ့က တက်ပါတယ်။ သူ့ရှေ့မှာ ၇ ယောက်မွေးထားတယ် သူက ရှစ်ယောက်မြောက်ပါ။ ဒါ ၂၀ ရက်နေ့က ဂျူးဒိတ်ပြည့်ပါတယ်။ မွေးမှာပါလို့ရှင်းပြတာ။ သူတို့က အဓိက,က ခွဲချင်တာ၊ ခွဲပေးပါ။ ကျနော်တို့ဆေးရုံမှာ မူဝါဒ တခုရှိပါတယ်။ သာမန်မွေးရရင်မွေးရပါတယ်။ သာမန်မဟုတ်ဘဲ သေဆုံးနှုန်း ခြောက်ဆ လောက်ရှိမှ ခွဲမွေးပါတယ်။ သူတို့ခွဲချင်တိုင်းခွဲမွေးမပေးပါဘူး” လို့ ဆိုပါတယ်။

အခုဆန္ဒပြတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆေးရုံတာဝန်ရှိသူတွေက သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ်လို့လည်း ပြောပါတယ်။  တောင်တွင်းကြီးဆေးရုံဟာ အခုနှစ် ဖေဖော်ဝါရီလက မြို့နယ်စံပြဆေးရုံဆုကိုရထားတဲ့ ဆေးရုံဖြစ်ပါတယ်။

 

ဓာတ်ပုံ - မြတ်ဦးပိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013