DVB Logo
Home
မြန်မာသတင်း
ကြွေးပြန်မဆပ်နိုင်သည့် ရွာသားများ မြေသိမ်းခံရဖွယ်ရှိ
DVB
·
August 19, 2012
Donate to DVB

မြေကို အပေါင်ထားပြီး အတိုးနဲ့ ငွေချေးခဲ့တဲ့ ရွာသား ၅၀၀ ကျော်ဟာ သတ်မှတ်ချိန်အတွင်းမှာ အတိုးရော အရင်းပါ ပြန်မဆပ်နိုင်တဲ့အတွက် မြေသိမ်းခံရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့အနီးက ကျေးရွာတွေမှာနေတဲ့ ရွာသား ၅၀၀ ကျော်ဟာ ၂၀၁၀ နှစ်လယ်လောက် မြိတ်မြို့ပေါ်မှာနေတဲ့ ကြွေးရှင်တယောက်ဆီကနေ ၁၀၀ ကို ၇ ကျပ်တိုးနဲ့ ငွေချေးခဲ့ပြီးနောက် ၂ နှစ်ကျော် အကြာမှာ အကြွေးမဆပ်နိုင်တော့ဘဲ မြေသိမ်းခံရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

မြေသိမ်းခံရမယ့်အရေးမှာ ရွာသားတွေဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ မြိတ်မြို့ခံတဦးက “၁ သိန်းလောက်ချေးတဲ့သူက သိန်း ၂၀ ကျော်၊ ၃၀ ကျော်လောက် ဖြစ်နေပြီ။ သူက အတိုးတွေပါ ဆက် ပေါင်းထားတာပေါ့။ ၇ ရာခိုင်နှုန်း အတိုးနဲ့ချေးတယ်။ အခု အတိုးရော အရင်းရော ပေါင်းပြီးတော့ သိမ်းတဲ့ပုံစံဖြစ်တယ်။ လယ်တွေ ယာတွေ မသိမ်းပါနဲ့ ၁ နှစ်၊ ၁ နှစ်ခွဲအတွင်း ကျေအောင်ဆပ်မယ်လို့တော့ လယ်သမားတွေက ကတိပေးကြတယ်။ သူတို့မှာ လက်ရှိလက်ငုပ်အလုပ် ပျောက်သွားမှာစိုးလို့လေ၊ ရွာသားတွေက ဒီအလုပ်ပဲ လုပ်စားနေကြရတာကို။ အတိုး၊ အရင်းပေါင်းလိုက်တော့ ပိုက်ဆံက အရမ်းများသွားတယ်” လို့ ပြောပါတယ်။

လောလောဆယ် ချက်ချင်းလက်ငင်းအကြွေးမဆပ်နိုင်တဲ့ ရွာသားတွေက အချိန်ဆိုင်းပေးဖို့ တောင်းဆိုပေမယ့် ငွေရှင်ဖြစ်တဲ့ မြိတ်မြို့နေ ဒေါ်အေးဝါရဲ့ မောင်ဖြစ်သူ ကိုညီညီစိုးကတော့ သတ်မှတ်ချိန်ထက်တောင် ကျော်လွန်နေပြီလို့ ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ဒေသပေါက်ဈေးနဲ့ နင်တို့ပြန်ဝယ်နိုင်ရင်လည်း ပြန်ဝယ်ပေါ့။ ပြန်မ၀ယ်နိုင်ရင်လည်း ရောင်းလိုက်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရောင်းရတဲ့ငွေက အရောင်းအ၀ယ်စာချုပ်မှာပါတဲ့ ငွေထက် အရမ်းနည်းနေတယ်။ ကျနော်တို့ဘက်က အကျိုးအမြတ်ရဖို့ထက် ဆုံးဖို့က များနေတယ်။”

ဒီငွေကြေးအရှုပ်တော်ပုံရဲ့အစကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က မြိတ်မြို့မြေစာရင်းဌာန အရာရှိတဦးက ကြားကနေပွဲစားလုပ်ပြီး ရွာသားတွေကို မြေအပေါင်ထားခိုင်းပြီး၊ စာချုပ်စာတမ်းနဲ့ ငွေသိန်းထောင်ချီ ချေးပေးခဲ့တာလို့ ကိုညီညီစိုးက ရှင်းပြပါတယ်။

ဒါပေမယ့် မြေစာရင်းဌာနက အရာရှိက အပေါင်စာချုပ်မှာ မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ တန်ရာတန်ကြေး ပိုရအောင် မဟုတ်မမှန် ဖော်ပြတာတွေရှိခဲ့သလို၊ အဲဒီအရာရှိရဲ့လူယုံ ၂ ဦးလည်း ရွာသားတွေကို ငွေပေးတဲ့ နေရာမှာ ကြားကနေ ခေါင်းပုံဖြတ်ခဲ့တယ်လို့ ကိုညီညီစိုးက ပြောပါတယ်။

ဒါကို ရွာသားတွေက သိသွားတဲ့နောက်မှာ ငွေရှင်နဲ့ ရွာသားတွေကြားမှာ တိုက်ရိုက် ငွေပေးငွေယူလုပ်ခဲ့တဲ့ ရွာသား ၂ ဦးကို တရားစွဲတဲ့အတွက် ငွေကြေးလိမ်လည်မှုနဲ့ ဖမ်းဆီးထောင်ချ ခံထားရတယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်တွေ ဖြစ်ပြီးတဲ့နောက်မှာ လွန်ခဲ့တဲ့ ၁ နှစ်ခွဲက ငွေရှင်က ရွာသားတွေနဲ့ တိုက်ရိုက်တွေ့ပြီး သူတို့ အမှန်တကယ်ရတဲ့ ငွေပမာဏကို ပြန်လည်စိစစ်၊ ၁ နှစ်အတွင်း အတိုးနဲ့အရင်းကို ပြန်ဆပ်ဖို့၊ ပြန်မဆပ်နိုင်ရင် မြေကို သိမ်းယူမယ့်အကြောင်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

အခု ၁ နှစ်ခွဲလောက်ကြာမှ ရွာသားတွေနဲ့ တွေ့တဲ့အခါမှာ အများစုက ပြန်မဆပ်နိုင်တာကြောင့် မြေကို သိမ်းရမယ့် အခြေအနေဖြစ်နေတာလို့ ငွေရှင်ရဲ့မောင်ဖြစ်တဲ့ ကိုညီညီစိုးက ရှင်းပြပါတယ်။

“၇ လပိုင်းကုန်ခါနီလောက်မှာ အရောင်းအ၀ယ်စာချုပ်ချုပ်ဖို့အတွက် ကျနော် တောင်သူတွေနဲ့ သွားတွေ့တယ်။ ကျနော်က အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေ၊ ရာအိမ်မှူးတွေရှေ့မှာ နှုတ်ကတိနဲ့ အယောက် ၂၀ လောက်မှာမှ တယောက်လောက်ပဲ ပြန်ဆပ်ကြတယ်။ ကျန်တဲ့လူတွေက မထုတ်ကြဘူး။ ”

ရွာသားတွေဘက်က ကူညီပေးနေတဲ့ နယ်ခံကတော့ ကရင်လူမျိုးရွာသားတွေဟာ စာမတတ်သူတွေ၊ ဥပဒေကို နားမလည်သူတွေဖြစ်တာကြောင့် အမြတ်ထုတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“လယ်သမားတွေက ၅ သိန်းယူတဲ့သူက ၃ သိန်းကျော်ပဲရတယ်။ ၁၀ သိန်းယူတဲ့သူက ၇ သိန်းကျော်ပဲရတယ်။ ၁၅ သိန်းယူတဲ့သူက ၁၁ သိန်းကျော်ပဲရတယ်။ ဟိုနှုတ်လိုက် ဒီနှုတ်လိုက်နဲ့ နားမလည်တဲ့သူတွေဆိုတော့ သူတို့လုပ်လိုက်တာပေါ့။ အဲတော့ ၁၀ သိန်းယူထားပြီး ၇ သိန်းပဲရတဲ့သူက ၇ သိန်းပဲ ပေးချင်တာပေါ့။”
အခု ကြွေးပြန်မဆပ်နိုင်တဲ့ ရွာတွေကတော့ မြိတ်မြို့ကနေ မိုင် ၂၀ ၀န်းကျင်မှာရှိတဲ့ ကျောက်ဖြူ၊ ဒွန်း၊ အလယ်ချောင်း၊ ပင်အို၊ သပွတ်၊ ဇွဲ စတဲ့ရွာတွေဖြစ်ပြီး ကရင်လူမျိုးတွေ နေထိုင်ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013