DVB Logo
Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း အလွန်အားကောင်းသည့်မုန်တိုင်းအဖြစ် ရောက်ရှိ၊ တိုင်းနှင့်ပြည်နယ် ၇ ခု မိုးကြီးမည်
DVB
·
October 10, 2018
ဆိုင်ကလုန်းမုန်တိုင်း အလွန်အားကောင်းသည့်မုန်တိုင်းအဖြစ် ရောက်ရှိ၊ တိုင်းနှင့်ပြည်နယ် ၇ ခု မိုးကြီးမည်
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အလွန်အားကောင်း တဲ့ မုန်တိုင်းအဖြစ်ရောက်သွားပြီလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဒီနေ့မနက် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “တစ်လီ” (TITLI) ဟာ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် ၂၀၀ လောက်၊ ကလင်ဂါပတ္တနမ်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၁၇၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

မိုးဇလရဲ့ ဒီမနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ နောက် ၁၂ နာရီအတွင်း အားကောင်းတဲ့ မုန်တိုင်းအဖြစ်ရောက်နိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ခဲ့ပေမယ့် နာရီပိုင်းအတွင်း မှာပဲ အလွန်အားကောင်းတဲ့ မုန်တိုင်းအဖြစ်ကို ရောက်သွားတာပါ။

ခန့်မှန်းရေးမှူး ဒေါက်တာ သန်းနိုင်က “ကျနော်တို့ အခုပဲ သတင်းထုတ်ပြန်ဖို့ လုပ်နေပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း တစ်လီဟာ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ကို ရောက်သွားပါပြီ။ အိန္ဒိယဘက်ကို သွားနေပါတယ်” လို့ ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျား မယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့်လို့ သတ်မှတ်ထားပါတယ်။

မုန်တိုင်းကြောင့် တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ မိုးကြီးနိုင်တယ်လို့ ဒီနေ့ မနက်ကပဲ မိုးဇလက ထုတ်ပြန်ထားတာပါ။

နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်၊ ရှမ်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်က နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးမှာ ဖြစ်ပါတယ်။

မိုးသက်လေပြင်းကျတဲ့အချိန်မှာ ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး ကျန်တဲ့ မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီး နိုင်ပါတယ်။

လှိုင်းအမြင့်ဟာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့မှာ ၉ ပေကနေ ၁၂ ပေလောက်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာတော့ ၆ ပေကနေ ၉ ပေလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်က ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ် သင်္ဘောတွေအနေနဲ့ ကြိုတင်သတိပြုကြဖို့ အကြံပြုထားပါတယ်။

ဒီနှစ်မုတ်သုံရာသီအတွင်း ဘင်္ဂလားပင်လယ်အော်မှာ နာမည်တပ် ဆိုင်ကလုန်းမုန်တိုင်း အနေနဲ့ ဒရယ်နဲ့ တစ်လီတို့ ၂ ခု ဖြစ်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013