
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသရှိ ကြေးနီ စီမံကိန်းကြောင့် လယ်ယာမြေသိမ်းဆည်းခံရတဲ့ ကျေးရွာတွေနဲ့ပတ်သက်ပြီး ထိခိုက်နစ်နာမှုနဲ့ ဖွံ့ဖြိုးရေးကိစ္စကို ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှုးရုံးက အောက်တိုဘာ ၉ ရက်နေ့မှာ ဒေသခံတောင်သူတွေကို ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က နိုင်ငံတော်သမ္မတ မုံရွာမြို့ကို လာရောက်စဉ်မှာ လက်ပံတောင်းတောင် ဒေသခံတောင်သူတွေက တိုင်ကြားစာ ၇ စောင်ပေးပို့ခဲ့ပြီး အဲ့ဒီ ၇ စောင်ထဲက တိုင်ကြားစာ ၁ စောင်ကတော့ လယ်ယာမြေသိမ်းဆည်းခံရတဲ့ ကျေးရွာဟောင်း တွေကို ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီက ဖွံ့ဖြိုးရေးအတွက် ထိခိုက်နစ်နာမှုတွေကို ဖြည့်စည်း ဆောင်ရွက်မပေးကြောင်း ထည့်သွင်းရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအတွက် နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အရ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အခုလို ဒေသခံတွေကို ခေါ်ယူဆွေးနွေးမေးမြန်းတာလို့ သိရပါတယ်။
"ကျမတို့ဘက်က အချက် ၄ ချက်နဲ့ ဆွေးနွေးတယ်။ လက်ရှိ ရွာသစ်မှာ ဆောက်လုပ် ပေးထားတဲ့အိမ်တွေ ခိုင်ခန့်မှုမရှိတာ၊ မရွှေ့ပြောင်းပဲ ကျန်ခဲ့တဲ့ ရွာဟောင်းတွေ ဖွံ့ဖြိုးရေး ဆောင်ရွက်မပေးတာ၊ အရင်တုန်းက အတင်းအဓမ္မပြောင်းရွှေ့ပေးဖို့ ဖိအားပေးခဲ့တာ၊ နောက်ပြီး ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေက ဒီကိစ္စတွေအပေါ် ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးရှင်းလင်းမှုမရှိတဲ့ အချက်တွေ ထည့်ပြောခဲ့တယ်။ ဒီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကတော့ ကျမတို့ရဲ့ ထွက်ဆိုချက် တင်ပြချက်တွေကို နိုင်ငံတော်သမ္မတရုံးဆီ တင်ပြရမှာ ဖြစ်တယ်လို့ ပြောပါတယ်"လို့ ဆည်တည်းကျေးရွာမှ ဒေါ်မာမာဝင်းက ပြောပါတယ်။
မရွှေ့ပြောင်းပဲ ကျန်ခဲ့တဲ့ ကျေးရွာဟောင်းတွေမှာ အခုချိန်ထိ လျှပ်စစ်မီးရရှိခြင်း မရှိသေးကြောင်းနဲ့ မိုးရွာရင် မြေသားလမ်းတွေ ပျက်စီးနေတယ်လို့ သိရပါတယ်။
လက်ပံတောင်းတောင်မှာ ကြေးနီစီမံကိန်းကြောင့် ပြောင်းရွှေ့ပေးခဲ့ရတဲ့ ကျေးရွာတွေကတော့ ဝက်မှေး၊ ကံတော၊ ဆည်တည်းနဲ့ ဇီးတောကျေးရွာတို့ ဖြစ်ပါတယ်။
သတင်း - ရန်နိုင်စိုး











