DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် အနည်အဖတ်ပါ ဟင်းသီးဟင်းရွက်ဆီများ စစ်ဆေးတွေ့ရှိ
DVB
·
October 9, 2018
ဘိုကလေးတွင် အနည်အဖတ်ပါ ဟင်းသီးဟင်းရွက်ဆီများ စစ်ဆေးတွေ့ရှိ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှာ ရန်ကုန်မြို့ကနေ မှာယူတင်သွင်းနေတဲ့ အနည်အဖတ်တွေ ပါတဲ့ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) တွေကို ဖြန့်ချိရောင်းချနေတာကို မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မြန်မာစာသားစကားလုံးတွေ လုံးဝမပါတဲ့ ဟင်းရွက်ဆီဘူးတွေမှာ အနည်အဖတ်တွေ ထင်ရှားသိသာစွာ ပါဝင်နေတာကို တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့ပြီး ဈေးနှုန်းကလည်း တခြားတံဆိပ် ဟင်းရွက်ဆီတွေထက် လျော့နည်းကွာခြားနေတာကြောင့် ဘေးအန္တရာယ်ဖြစ်မှာကို စိုးရိမ်တဲ့ ဒေသခံတွေ အကြောင်းကြားတဲ့ နေရာတွေကို သွားရောက်စစ်ဆေးရာမှာ တွေ့ရှိခဲ့တာလို့ ဘိုကလေးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနကနေ ပြောပါတယ်။

အနယ်အဖတ်တွေပါတဲ့ ဆီစက္ကူဖာတွေကို ၅ လီတာလေးဘူးပါ တဖာကို ၁၆၀၀၀ ကျပ်နဲ့ ကုန်စုံဆိုင်အထိအရောက်ပို့မှာယူပြီး ၂၀၀၀၀ ကျပ်နဲ့ ဘိုကလေးမြို့နယ် ထဲကကျေးရွာတွေမှာ ပြန်လည်ရောင်းချနေတာလို့ ဆိုပါတယ်။

“ဟင်းသီးဟင်းရွက်ဆီဖြစ်ဖြစ် စားအုန်းဆီဖြစ်ဖြစ် စားသုံးရန်သင့်မသင့် အဖြေပေါ်မှာ ဒီဆီကို နမူနာသိမ်းဆည်းပြီးတော့ FDA ဌာနကို မြို့နယ်ဆေးရုံအုပ်ကြီးက တဆင့်ပေးပို့ ပြီးတော့ စမ်းသပ်ပါမယ်။ ဒီရဲ့အဖြေကိုစောင့်မယ်။ ဒီရက်အပိုင်းအခြားအတွင်းမှာ ဒီဥစ္စာတွေကို မပျောက်မပျက်ထားရပါမယ်” လို့ ဘိုကလေးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနဦးစီးမှူး ဦးနေမျိုးဆွေက ပြောပါတယ်။

ဆီတခုနဲ့တခုရောပါက အဆိပ်ဖြစ်တတ်ပြီး စားဆီမဟုတ်ပဲ မြောင်းဆီဆိုပါကလည်း စားလို့မရကြောင်း၊ မြောင်းဆီဆိုတာ သုံးပြီးသားဆီပေါင်းစုံကနေ စွန့်ပစ်လိုက်တဲ့ဆီတွေကို ဓာတုဆေးနဲ့ပြန်လည်ပြုပြင်ပြီး ဈေးကွက်ထဲ ပြန်လည်တင်သွင်းရောင်းချနေတာ ဖြစ်တဲ့အတွက် မြောင်းဆီတွေဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အနည်အဖတ်တွေပါတဲ့ ဆီတွေလက်ဝယ်တွေ့ရှိ ရောင်းချနေတဲ့ ကုန်စုံဆိုင်တွေကိုတော့ စစ်ဆေးတဲ့ အဖြေရရိတဲ့အထိ ဆီတွေကို ဆက်လက် ရောင်းချတာတွေ မလုပ်ဘဲ ထိန်းသိမ်း ထားဖို့ ညွန်ကြားခဲ့ပြီး FDA ကို ပေးပို့စစ်ဆေးနိုင်ဖို့ ဆီနမူနာတွေကို သိမ်းဆည်းထားတယ်လို့ ဘိုကလေးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနက သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013