DVB Logo
Home
မြန်မာသတင်း
ကျောက်မဲဆရာတော် ပစ်သတ်ခံရမှု ဖြစ်ရပ်မှန်ဖော်ထုတ်ရန် ရှမ်းအဖွဲ့အစည်းများတောင်းဆို
DVB
·
October 8, 2018
ကျောက်မဲဆရာတော် ပစ်သတ်ခံရမှု ဖြစ်ရပ်မှန်ဖော်ထုတ်ရန် ရှမ်းအဖွဲ့အစည်းများတောင်းဆို
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့က ရွှေကျင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကလျာဏ၀ံသ ပစ်သတ်ခံရပြီး ပျံလွန်သွားတာနဲ့ ပတ်သက်လို့ ရှမ်းအဖွဲ့အစည်းတွေက ကန့်ကွက် ရှုတ်ချလိုက်ပြီး ဖြစ်ရပ်မှန် ဖော်ထုတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ရှမ်းနိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ပူးပေါင်းလှုပ်ရှားမှု ကော်မတီ (SSJAC)က ဆရာတော် ပစ်သတ်ခံရတဲ့အပေါ် အလွန်ထိတ်လန့် တုန်လှုပ်ဝမ်းနည်းကြေကွဲရပြီး  ကျောက်မဲခရိုင်ထဲမှာ ဒီမတိုင်ခင်ကလည်း ရွာသားတွေ၊ ခရီး သွားပြည်သူတွေ အပစ်ခံနေရတာကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းနေကြောင်း၊ အဖြစ်မှန်ကို မဖော်ထုတ်နိုင်ရင် အချင်းချင်းအထင်လွှဲမှားပြီး ပြဿနာဖြစ်နိုင်တယ်လို့  SSJAC အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီဆရာတော်ရဲ့ကျောင်းက မြို့လယ်ခေါင်မှာဘဲရှိတယ်။ ဒကာတွေလည်း အများကြီး မြို့မျက်နှာဖုံးတွေလည်း အများကြီးပါတယ်။ စာသင်သားတွေလည်း ၂၀၀ လောက်ရှိတယ်။ အဲလိုဆရာတော်ကြီးကို မော်တော်ဆိုင်ကယ်နဲ့ ဒီလိုလာပြီးတော့ အလွယ်တကူပစ်သတ်သွား တယ်ဆိုတာ အဲဒါကိုက ဥပဒေစိုးမိုးမှုမရှိဘူး။ ဥပဒေအရ လုံခြုံရေးကို မပေးနိုင်ဘူး။ အစိုးရပိုင်း က စီမံခန့်ခွဲ့အပိုင်းက ဆောင်ရွက်ဖို့လိုတယ်။”

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကလည်း ဒီလုပ်ရပ်ဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ လူမျိုး၊ ဘာသာ၊ သာသနာအပေါ်ကြီးစွာ ထိခိုက်ရိုက်ခတ်တာကြောင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကန့်ကွက်ကြောင်း  ထုတ်ပြန်ထားပါတယ်။

အလားတူ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ UNA စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် အဖွဲ့ကလည်း ငြိမ်းချမ်းစွာ သီတင်း သုံးနေတဲ့ ဆရာတော် သတ်ဖြတ်ခံရတာဟာ ပြည်သူတရပ်လုံးကို တုန်လှုပ် ခြောက်ခြားစေခြင်း၊ တရားဥပဒေစိုးမိုးမှု ယိုယွင်းပျက်စီးစေခြင်း၊ ကိုးကွယ်ယုံကြည်မှုကို အနှောင့်အယှက်ပြုခြင်း၊ လူ့အဖွဲ့အစည်းတရပ်လုံး လက်မခံနိုင်တဲ့လုပ်ရပ်ဖြစ်လို့ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။

အလားတူ PSLF/TNLA ပလောင်တပ်ဖွဲ့ကလည်း ဒီအကြမ်းဖက်လုပ်ရပ်ပေါ် အပြင်းအထန် ရှုတ်ချကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်ထိ ၃ နှစ်တာ ကာလအတွင်း အလားတူသတ်ဖြတ်ခံရတာတွေ အများကြီးရှိခဲ့ကြောင်း၊ အဲဒီအကြမ်း ဖက်မှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းဖော်ထုတ်အရေးယူနိုင်ခြင်း မရှိတဲ့အတွက်ပြည်သူတွေအတွက် စိုးရိမ်ဖွယ် အခြေအနေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မသမာသူလူတစုက ဆရာတော်ကို သတ်ဖြတ်တာဟာ ရှမ်းပြည်တပ်မတော်ရဲ့ အခြေခံမူဖြစ်တဲ့ အမျိုး၊ နိုင်ငံ၊ ဘာသာ၊ သာသနာဆိုတဲ့ မူပေါ်ထိခိုက်စော်ကားတဲ့ ဖြစ်ရပ်တခုဖြစ်လို့ အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ RCSS ရှမ်းပြည်တပ်မတော် ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း မိုင်းပန်က ရွာသား ၁ ဦးနဲ့ ကျိုင်းတောင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ဒီနှစ်ထဲ ပစ်သတ်ခံခဲ့ရတဲ့အပေါ်မှာ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူကို တရားဥပဒေနဲ့အညီအရေးယူနိုင်ဖို့ ဒေသခံပြည်သူတွေနဲ့ လက်တွဲေ ဆာင်ရွက်သွားမယ်လို့ လည်း RCSSက ထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့၊ ရွှေကျင်ကျောင်းတိုက်ဆရာတော် ကလျာဏ၀ံသဟာ သက်တော် (၄၆) နှစ် ၀ါတော် (၂၇) နှစ်ရှိပြီဖြစ်ပြီး  မွေးရပ်ဇာတိမှာ နမ့်ခမ်းမြို့နယ်က ဖြစ်ပါတယ်။ ဆရာတော်ဟာ နမ့်ခုံးလူမှုကူညီရေးအသင်း စတင်ထူထောင်သူထဲမှာပါဝင်ပြီး အသင်းရဲ့ နာယက လည်းဖြစ်ပါတယ်။

ဆရာတော်ရဲ့ ကျောင်းတိုက်မှာ စာသင်သားအပါး ၂၀၀ ကျော်ကို စောင့်ရှောက်ထားပြီး စစ်ပြေးရှောင်ပြည်သူတွေကို  ထောက်ပံ့ကူညီတာ၊ အသိပညာပေးသင်တန်းတွေ ကူညီဖွင့်လှစ်တာတွေလည်း ဆောင်ရွက်ပေးနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက် ညနေပိုင်းက ဘုရားဝတ်ပြုချိန် စာသင်သားတွေကို ကျောင်းဝင်းထဲဆင်းခေါ်စဉ် အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ ကျောင်းဝင်းထဲ ထိဝင်ရောက်ပစ်သတ်သွားတာပါ။

ဆရာတော်ရဲ့ ကြွင်းကျန်ရုပ်ကလာပ်ကို သီတင်းကျွတ် လဆန်း ၂ ရက်၊ အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီမှာ မီးသင်္ဂြိုဟ်ဖို့ အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013