DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ရေဘေးပြန်လည်ထူထောင်ရန် စိုက်ပျိုးရေးကို ဦးစားပေးလုပ်ဆောင်နေ
DVB
·
October 8, 2018
ကရင်ပြည်နယ်ရေဘေးပြန်လည်ထူထောင်ရန် စိုက်ပျိုးရေးကို ဦးစားပေးလုပ်ဆောင်နေ
Donate to DVB

ကရင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရာမှာ စိုက်ပျိုးရေးကို အဓိက ဦးစားပေးအနေနဲ့ လုပ်ဆောင်နေတယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဇူလိုင်မှ စက်တင်ဘာအထိ ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ပျိုးရေးနဲ့ လမ်းတံတားတွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် စိုက်ပျိုးရေးက ၉၀ ရာခိုင်နှုန်းပျက်စီးခဲ့လို့  စိုက်ပျိုးရေးကို အဓိကဦးစားပေး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ် ၀န်ကြီးချုပ်၊ ဒေါ်နန်းခင်ထွေးမြင့်က “အထူးသဖြင့် စိတ်ဓာတ်ရေးရာအရ တချို့ကျတော့ နှစ်ခေါက်တောင် ရေပြန်ကြီးတော့ ပြန်မစိုက်ချင်တော့ဘူး။ ပြန်စိုက်ချင်အောင် စိုက်ပျိုးရေးဌာန၀န်ထမ်းတွေက ဦးဆောင်ပြီးတော့ သူတို့နဲ့အတူ ကျမကိုယ်တိုင် ၀င်ပြီးတော့ စိုက်ပျိုးတယ်။ တချို့ကလည်းမလုပ်ချင်ကြ တော့ဘူးလေ။ နှစ်ခါလောက်ဆိုတော့ ပင်ပန်းသွားတယ်။ အဓိကက အမြန်ဆုံးဖြစ်နိုင်တဲ့ စိုက်ပျိုးရေးကိုလုပ်နေတယ်”လို့ ပြောပါတယ်။

ဘားအံမြို့နယ်က လယ်သမား ဦးထွန်းနိုင်ဦးက“လယ်သမားတွေ ဒီနှစ်မှာ လူငှားစရိတ်တွေ စိုက်စရိတ်၊ ပျိုးနုတ်ခကအစ အကုန်လုံးဈေးနှုန်းတက်တယ်လေ။ ကုန်ဈေးနှုန်းတက်တဲ့အခါ လယ်သမားတွေ လယ်သာလုပ်တယ်။ သိပ်မကျန်ဘူး။ ၀မ်းစာရဖို့တောင် အနိုင်နိုင်ပဲ။ ဥပမာ ငွေချေးပြီး စိုက်မယ်ဆိုရင် အတိုးနဲ့ဆိုရင် မကျန် တော့ဘူး။ အစိုးရထောက်ပံ့တဲ့အခါကျတော့ ဒီငွေလေးနဲ့ဆိုရင် ကျနော်တို့ လယ်သမားတွေအတွက် နည်းနည်း ကျန်တာပေါ့”လို့ ပြောပါတယ်။

ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ဦးကျော်မောင်မောင်က “ကရင်ပြည်နယ်မှာ ရေကြီးနစ်မြုပ် ဖြစ်ပြီးပြီးခြင်း တောင်သူတွေကို ကွင်းမှန်သမျှ အကုန်ဆင်းပြီးတော့ အားပေးနှစ်သိမ့်မှု လုပ်တယ်။ နောက်တစ်ချက်က ရေကြီးနစ်မြုပ်ရင် များသောအားဖြင့် ပိုးမွှားရောဂါကျရောက်မှုလေးတွေ ရှိတတ်တယ်။ မြေ၊ မျိုး၊ ပိုး ၃ ဌာနလုံးကလည်း မိုဘိုင်းအနေနဲ့ လိုရင်လိုတဲ့နေရာတွေကို ရွေ့လျားပြီးတော့ ကူညီဆောင်ရွက်ပေးနေ ပါတယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးဧက ၄ သိန်းကျော်စိုက်ပျိုးဖို့လျာထားပြီး စိုက်ပျိုးပြီး ဧက၃သိန်းကျော်မှာ ဧက ၅သောင်းကျော် ရေကြီးနစ်မြုပ်ခဲ့ပါတယ်။ ဒီအထဲက ဧက ၃သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့တဲ့အနက်  ဧက ၂ သောင်းနီးပါး ပြန်လည်စိုက်ပျိုးပြီးဖြစ်ပါတယ်။

ပျက်စီးခဲ့တဲ့ မိုးစပါးနေရာမှာ ရက် ၉၀ သက်တမ်းတိုစပါးမျိုး အစားထိုးစိုက်ပျိုးနိုင်ဖို့ တောင်သူ ၁ သောင်းနီးပါးထံကို တင်းပေါင်း ၂ သောင်းကျော်၊ ကွန်ပေါင်းမြေသြဇာအိတ်ပေါင်း ၆ ထောင်ကျော်နဲ့ စက်သုံးဆီတွေ ဖြန့်ဖြူး ပေးထားပြီးဖြစ်ပါတယ်။

အခြားသီးနှံတွေဖြစ်တဲ့ အစေ့ထုတ်ပြောင်း ဧက ၃ သောင်းကျော်မှာ ၁၆၀၀ ကျော်၊ မိုးမြေပဲ ဧက ၈၀၀ ကျော်မှာ ၁ ဧက၊ ချက်ကြံရင့် ဧက ၄ ထောင်ကျော်မှာ ၁၃၀ ဧက ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ကရင်ပြည်နယ်ထဲ မိုးစပါးကနေ ဒေသ၀မ်းစာထွက်ရှိမှု နှစ်စဉ် ၁၉၅ ရာခိုင်နှုန်းရှိပြီး ယခုနှစ်ပြန်လည် စိုက်ပျိုးခြင်းမရှိတဲ့ စပါးခင်းဧက ၉ ထောင်နီးပါးကြောင့် စပါးပေါ်ချိန်မှာ ဒေသ၀မ်းစာအတွက် မထိခိုက်နိုင်ဘူးလို့ တာဝန်ရှိသူက ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013