DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် အသက် ၅ နှစ်အောက် ကလေးငယ်သေဆုံးမှုများပြား
DVB
·
October 5, 2018
ကရင်ပြည်နယ်တွင် အသက် ၅ နှစ်အောက် ကလေးငယ်သေဆုံးမှုများပြား
Donate to DVB

ကရင်ပြည်နယ်မှာ အသက် ၅ နှစ်အောက် ကလေးငယ်သေဆုံးမှုနှုန်း များပြားနေတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ပြောပါတယ်။

အောက်တိုဘာ ၄ ရက် မနက်က ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာပြုလုပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၂ နှစ်အောက်ကလေး သူငယ်တွေအတွက် ငွေကြေးထောက်ပံ့ပေးတဲ့အစီအစဉ် ရှင်းလင်းတဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။

ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက “ကျနော်တို့ ကရင်ပြည် နယ်မှာ အသက် ၅ နှစ်အောက် ခလေးငယ်သေဆုံးမှုနှုန်းက များပြား လျက်ရှိပြီးတော့ အဟာရဆိုင်ရာ လိုအပ်ချက်များ ရှိနေတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီအချက်ဟာ ကျနော်တို့ ကရင်ပြည် နယ်အတွက် အနာဂတ် ဖွံ့ဖြိုးရေးအတွက် ကြီးမားတဲ့သတိပေးချက် တစ်ခုလည်းဖြစ်တယ်”လို့ ပြောပါတယ်။

နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုညွန်ကြားရေးမှူး ဒေါ်ရီရီရွှေ က “ကရင်ပြည်နယ်မှာရှိတဲ့ ဒေသ ပေါ်မူတည်ပြီးတော့ ကျမတို့ ဘာတွေဖြည့်စွက်စရာရှိအုန်းမလဲ။ ဖြည့်စွက်ရမယ့် အပိုင်းလေးတွေကိုချပြပြီးတော့ တက်ရောက်လာတဲ့သူတွေဆီကနေပြီး အကြံဉာဏ်ရယူပြီး ရှေ့လုပ်ငန်းစဉ်တွေကိုပူပေါင်း ကြိုးစားဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။

ကရင်တိုင်းရင်းသားကျန်းမာရေး ညွှန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ စောကျော်လှက “တကယ့်ချို့တဲ့ တဲ့လူ၊ တကယ်လိုအပ်တဲ့လူအတွက် လိုအပ်လို့ နိုင်ငံတော်က ချပေးတဲ့အစီအစဉ် အရမ်းကောင်းပါတယ်။ ဒီမှာရှိတဲ့ ဌာနဆိုင်ရာ အသီးသီးပေါ့နော် ဝေးလံခေါင်ပါး သွားလာရ ခက်ခဲတဲ့ ၀န်ဆောင်မှုပေးတဲ့နေရာတွေမှာ အတတ်နိုင်ဆုံးတော့ ၀ိုင်းဝန်းကူညီပံ့ပိုးပေးမယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်မှာ ၂၀၁၅-၂၀၁၆ ခုနှစ်က ကောက်ယူထားတဲ့ စစ်တမ်းအရ အသက် ၅ နှစ်အောက် ကလေးသေဆုံးနှုန်းဟာ ၈၄ ရာခိုင်နှုန်းရှိပါတယ်။ ပြည်ထောင်စုအဆင့် တနိုင်ငံလုံးအတိုင်းအတာနဲ့တော့ အသက်၅ နှစ်အောက် ကလေးငယ် သေဆုံးမှုက  ၅၀ ရာခိုင်နှုန်းရှိပါတယ်။

အသက် ၁ နှစ်အောက် သေဆုံးမှုနှုန်းဟာ ပြည်ထောင်စုအဆင့် ပျမ်းမျှအညွှန်းကိန်းတွေ အရ ၄၀ ရာခိုင်နှုန်း ဖြစ်ပြီး ကရင်ပြည်နယ်အနေနဲ့ ၆၆ ရာခိုင်နှုန်းရှိပါတယ်။

ကလေးတွေ ပုညှက်မှုအနေနဲ့ ပြည်ထောင်စုအဆင့်ပျမ်းမျှအညွှန်းကိန်းတွေအရ ၂၉ ရာခိုင်နှုန်းနဲ့ ကရင်ပြည်နယ်အနေနဲ့ ၂၅ ရာခိုင်နှုန်းဖြစ်ပြီး အသက် ၅ နှစ်အောက်သေဆုံး မှုနှုန်းများပြားရာမှာ အဟာရဆိုင်ရာလိုအပ်ချက်တွေ ကြောင့်လို့ စစ်တမ်းတွေအရ သိရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်နဲ့ ၎င်းတို့က မွေးဖွားလာတဲ့ အသက် ၂ နှစ်အောက် ကလေးသူငယ်တွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလက စတင်ပြီး ၁ လကို ၁၅၀၀၀ ကျပ်နဲ့ ၃ လ တစ်ကြိမ် ထောက်ပံ့ပေး သွားမှာဖြစ်ပါတယ်။

ကရင်ပြည်နယ်အနေနဲ့ ငွေကြေးထောက်ပံ့မူကို နိုင်ငံတော်ကနေ ၇ ဘီလီယံမှ ၉ ဘီလီယံကြား ခန့်မှန်းသုံးစွဲ သွားဖို့ရှိတယ်လို့ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက သိရပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013