
ရန်ကုန်တိုင်းမှာ ပုဂ္ဂလိကနဲ့ သမ၀ါယမကို ငှားထားတဲ့ ပြည်သူပိုင်အခန်း ငှားရမ်းခတွေဟာ ကာလပေါက်ဈေးနဲ့ ကွာဟပြီး နိုင်ငံအတွက် ၀င်ငွေ ကျပ်သန်း ၅၃၀ ကျော် နစ်နာဆုံးရှုံးနေပါတယ်။
တိုင်းအတွင်းရှိ လမ်းမတော်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ စမ်းချောင်းစတဲ့ မြို့နယ်တွေထဲရှိ ပြည်သူပိုင်အခန်း ငှားရမ်းခတွေဟာ ကာလပေါက်ဈေးနဲ့ ကွာဟနေလို့ နိုင်ငံအတွက် တနှစ်ကို ငွေကျပ်သန်း ၅၃၄ ဒသမ ၂၅၂ သန်း နစ်နာဆုံးရှုံးနေတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာမှာ ဖော်ပြချက်အရ အဲ့ဒီမြို့နယ်တွေထဲရှိ ပြည်သူပိုင်အခန်း ၃၀ အနက် ၂၇ ခန်းကို သမ၀ါယမကို ငှားထားတာဖြစ်ပြီး ၃ခန်းကတော့ ပုဂ္ဂလိကကို ငှားထားတာ ဖြစ်ပါတယ်။
တိုင်းစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံမှာဖော်ပြချက်အရ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ မြေညီထပ်အခန်းတခန်းရဲ့ တလငှားရမ်းခဟာ ကျပ် ၃သိန်းခွဲပဲ ရှိပါတယ်။
ပြည်သူပိုင်အခန်း ငှားရမ်းခတွေကို ခေတ်ကာလပေါက်ဈေးအတိုင်း ပြည့်ပြည့်၀၀ မှန်မှန်ကန်ကန် ရရှိအောင် စိစစ်လုပ်ဆောင်ဖို့ စာရင်းစစ်အဖွဲ့က တိုင်းအစိုးရကို အကြံပြုထားပါတယ်။











