
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ တရားမဝင်ငွေလွှဲ လုပ်ငန်းလုပ်ကိုင်တဲ့ ဗဟန်းမြို့နယ်နေသူ ၂ဦးကို ငွေကြေးနဲ့ ပစ္စည်းများထိန်းချုပ်ရေးဥပဒေနဲ့ အရေးယူလိုက်ပါတယ်။
ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂) ရပ်ကွက်နေ ဒေါ်စဖီယာဘီ(ခ)မိငယ်(၅၉)နှစ်နဲ့ သားဖြစ်သူ ကိုကိုနိုင်(ခ)ဟာဆန်(၃၂)နှစ်တို့ ၂ဦးပိုင် ငွေနဲ့ ဥစ္စာပစ္စည်းတွေဟာ တရားမဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရာကနေ ရရှိပိုင်ဆိုင်ထားတာလို့ စစ်ဆေးပေါ်ပေါက်တယ်။
ဒါကြောင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်း က တိုင်တန်းလို့ ဒေါ်စဖီယာဘီ(ခ)မိငယ်နဲ့ ကိုကိုနိုင်(ခ)ဟာဆန်တို့ကို ဗဟန်းမြို့မ ရဲစခန်းက ငွေကြေးနဲ့ ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေပုဒ်မ ၂၃-၄၃ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
အဆိုပါသားအမိနှစ်ဦးဟာ ၂၀၁၄ မတ် ၁၄ ရက်မတိုင်ခင်ကတည်းက သူတို့နှစ်ဦးအမည်၊ ဒေါ်အိအိချိုပါ မိသားစုဝင် ၄ ဦးတို့ရဲ့ အမည်တွေနဲ့ ရန်ကုန်၊ မြဝတီနဲ့ မော်လမြိုင်မှာ တိုက်ခန်း ၃ ခန်း၊ တိုက်/ပျဉ်ထောင်အိမ် ၇ လုံး၊ ဆိုင်ခန်း ၅ ခန်း၊ မြေ ၇ ကွက်၊ ဥယျာဉ်ခြံမြေ ၀.၀၇၃ ဧက၊ လယ် ၅ ဧက၊ မော်တော်ယာဉ် ၇ စီး၊ ကမ္ဘောဇဘဏ်ပါ ဘဏ် ၇ ခုက ငွေစာရင်း ၄၈ ခုရှိ ဘဏ်လက်ကျန်ငွေ ၃၆၄,၉၉၉,၇၇၅ ကျပ်တို့ဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ တရားမဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရာကနေ ရရှိပိုင်ဆိုင်ထားတာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
အခု စစ်ဆေးအရေးယူမှုဟာ မကြာသေးခင်က ဒေါ်လာဈေးတက်လို့ ခေါ်ယူ စစ်ဆေးနေတဲ့ လူပုဂ္ဂိုလ် ငါးဦးထဲက နှစ်ဦးလား ဆိုတာကိုတော့ ပြည်ထဲရေးသတင်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမရှိပါဘူး။











