DVB Logo
Home
မြန်မာသတင်း
အစိုးရအလုပ်လုပ်ရန် လက်ထောက်ဆရာဝန် ၁၀၀၀ ကျော် လျှောက်ထား
DVB
·
October 4, 2018
အစိုးရအလုပ်လုပ်ရန် လက်ထောက်ဆရာဝန် ၁၀၀၀ ကျော် လျှောက်ထား
Donate to DVB

လက်ထောက်ဆရာဝန်နဲ့ သွားဆရာဝန် ၂၀၀၀ ကျော် ခန့်အပ်ဖို့ အစိုးရက လျှောက်လွှာခေါ်ခဲ့ပြီး ၁၀၀၀ ကျော်ပဲ လာလျှောက်တယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်က ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနတို့အတွက် လက်ထောက်ဆရာဝန် ၂၀၀၀၊ သွားကျန်းမာရေး ဦးစီးအရာရှိ ၁၅၀ ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က တဆင့် ခေါ်ယူခဲ့တာပါ။

ဒီရာထူးတွေအတွက် လစာနှုန်း ၂၇၅၀၀၀ သတ်မှတ်ထားပြီး စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထား လျှောက်လွှာတင်ခဲ့ရတာ ဖြစ်ပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌရုံး ပြောခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဒေါ်ချိုမာမြင့်က “လက်ထောက်ဆရာဝန်နေရာအတွက် ၁၁၇၈ ယောက်၊ Dental (သွားကျန်းမာရေးဆရာဝန်) က ၁၂၁ ယောက် လာလျှောက်ပါတယ်။ လူတွေ့အင်တာဗျူးတွေ ရှိမယ်။ အဲဒါပြီးရင်တော့ သက်ဆိုင်ရာ ဝန်ထမ်းတက္ကသိုလ်တွေမှာ သင်တန်းတက်ရမှာပေါ့” လို့ ပြောပါတယ်။

လျှောက်လွှာတင်ထားသူတွေကို လာမယ့် အောက်တိုဘာလကုန်ပိုင်းမှာ စိတ်အခြေအနေ စစ်ဆေးတာနဲ့ လူတွေ့စစ်ဆေးတာတွေကို လုပ်သွားမယ်လို့ ရာထူးဝန်အဖွဲ့ရဲ့ အလုပ်ခေါ်စာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က ပခုက္ကူမြို့နယ်မှာ ပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ဒီနှစ်ထဲမှာ ဆရာဝန်သစ်လွင် ၂ဝဝဝ ခန့်အပ်သွားမှာဖြစ်ပြီး ဆရာဝန်တွေအနေနဲ့လည်း လုပ်ငန်းခွင်အတွင်းမှာ ဝင်ရောက်လုပ်ကိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆေးတက္ကသိုလ်ကျောင်းသားတယောက်က “လျှောက်တာနည်းတာကတော့ သူတို့မှာ အခက်အခဲရှိလို့ ဖြစ်မှာပေါ့လေ။ ကျနော့်အနေနဲ့က ကျောင်းမပြီးသေးတော့လည်း ကိုယ့်အလှည့်ကျရင် ဝင်လုပ်ဖို့ မလုပ်ဖို့ ပြောဖို့ မတတ်သေးပါဘူး” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ (၂)၊ မကွေးဆေးတက္ကသိုလ်၊ မန္တလေးဆေးတက္ကသိုလ်နဲ့ တောင်ကြီးဆေးတက္ကသိုလ်တို့မှာ နှစ်စဉ် ကျောင်းသား၊ ကျောင်းသူဦးရေ ၁ဝဝဝ ကျော်ကို လက်ခံသင်ကြားပေးနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013