DVB Logo
Home
နိုင်ငံရေး
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ပါဝင်မှု
DVB
·
October 3, 2018
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ပါဝင်မှု
1 / 6
Donate to DVB

တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ခုက အမျိုးသမီးလေးဆယ်ရဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကို ရန်ကုန်မြို့မှာ စက်တင်ဘာလကုန်ပိုင်းက ပထမဆုံး အကြိမ် ကျင်းပပြုလုပ်သွားပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အန်စီအေမှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ခုက အမျိုးသမီးတွေဟာ "ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" လို့ အမည်ပေးပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့ကြတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေက အမျိုးသမီးကိုယ်စားလှယ်တချို့ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားတာတွေထဲက တချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

ဒေါ်စောမြရာဇာလင်း (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်)

“ဒီလိုလုပ်ဖြစ်ဖို့အတွက် ကျမတို့ ကာလအတန်ကြာ ကြိုးစားခဲ့ရပါတယ်။ အန်စီစီတီ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာအဖွဲ့ (Nationwide Ceasefire Coordination Team – NCCT) ဖြစ်လာကတည်းက ကျမတို့ အမျိုးသမီး ပါဝင်မှုဆိုလို့ဟာဖြစ်ရင် တဦးစ နှစ်ဦးစလောက်ပဲ ရှိခဲ့ပါတယ်။ ဆိုတော့ အမျိုးသမီးတွေဟာ နိုင်ငံရေးဖြစ်စဉ်မှာ အဓိကအနေနဲ့ ပါဝင်ဖို့ အရေးကြီးတယ်။ ဘာလို့ဆိုရင် လူ့ဘ၀မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပဋိပကကြားမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အမျိုးသမီးတွေက ပိုပြီးတော့ နားလည်တယ်၊ ကိုယ်ချင်းစာတရားနဲ့ ဒီတိုင်းပြည်ကြီးကိုလည်း အကောင်းမြင်ဘက်က ပြုပြင်နိုင်သလို ကိုယ့်ရဲ့ပါတီတွင်းမှာလည်း အမျိုးသမီးတွေဟာ ပိုပြီးတော့ အသိတရားရှိတဲ့ အမျိုးသမီးတွေက ပါဝင်လာခြင်းအားဖြင့် ပါတီခိုင်မြဲမှု ပါတီရဲ့ အင်အားတောင့်တင်းဖို့ ပါတီရဲ့ အကျိုးဖြစ်ထွန်းမှုတွေကို ပိုပြီးတော့ အားပေးစေပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ အသိတရားရှိရှိနဲ့ ပါဝင်လာခြင်းအားဖြင့် ကျမတို့ ပါတီတွင်းကိုလည်း ထိန်းသိမ်းနိုင်သလို ငြိမ်းချမ်းရေးဖြစ်စဉ် မပျက်စီးဖို့ကိုလည်း ကျမတို့ ပိုပြီးတော့ ထိန်းသိမ်းနိုင်လိမ့်မယ်၊ နောက်တခုကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ သွားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်လာဖိုအရေးကို UPDJC အတွင်းရေးမှုးအဖွဲ့မှာ ကျမတို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အခုဟာကတော့ အားသာတဲ့သူ ရှိသလို အားနည်းတဲ့သူလည်း ရှိပါတယ်။ မမြင့်တာကို မြင့်အောင် ဘယ်လိုလုပ်မလဲ၊ မမီတာကို မီအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျမတို့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။”

မိဆူးပွင့် (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ဗဟိုကော်မတီဝင်)

“အဓိကကတော့ မြန်မာနိုင်ငံမှာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာတွေအရ အမျိုးသမီးတွေ ပါဝင်မှုက အစကတည်းက အားနည်းနေပြီးသားဆိုတော့ အခု နိုင်ငံရေးဖြစ်စသ်ပေါ်လာတဲ့အချိန်မှ အမျိုးသမီးပါဝင်မှုဆိုတဲ့ တောင်းဆိုချက်တွေ မြင့်လာတဲ့အချိန်ကျမှ နိုင်ငံရေးအင်အားစုတွေ နိုင်ငံရေးပါတီတွေ နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အမျိုးသမီးတွေ ပါဝင်ဖို့ ကမန်းကတန်း ရုတ်တရက် ထလုပ်ရသလိုဖြစ်တော့ မွေးမြူပြီးသားတွေ မရှိဘူး၊ လေ့ကျင့်ပြီးသားတွေ မရှိဘူး။ ပါတီထဲမှာ အဖွဲ့အစည်းထဲမှာ ရေရှည် ကိုယ့်မူဝါဒကို ယုံယုံကြည်ကြည်နဲ့ အလုပ်လုပ်လာတဲ့ အမျိုးသမီးခေါင်းဆောင်တွေ မမွေးထုတ်ထားဘူး၊ အဓိကကျတာတော့ အဲ့ဒီအချက်ပါ။ နောက်တခုက ဒီနေ့ အမျိုးသမီးအရေးလို့ ပြောနေကြတဲ့ အမျိုးသမီးလူငယ်ခေါင်းဆောင် အများစုကလည်း လူထုအခြေပြုအဖွဲ့အစည်းတွေထဲကို အဓိက ရောက်နေကြတာပေါ့။ သူတို့ကလည်း သက်ဆိုင်ရာ ဥပမာ လူမျိုးအလိုက် ပါတီတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ပြန်ဝင်လုပ်မယ် ဆိုရင်တောင်မှ အကန့်အသတ်တွေက ရှိတယ်။ သူတို့တွေက နိုင်ငံရေးနယ်ပယ်မှာ ပြောဆိုဆွေးနွေးနိုင်ပြီ၊ သူတို့မှာ ကွာလတီလည်း ရှိလာပြီ၊ သို့သော်လည်း ဒီလို ပါတီအဖွဲ့အစည်းတွေထဲ ၀င်မယ်ဆိုရင် သူတို့ လုပ်သက်အရတို့ ပါတီဝင်ဖြစ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရတို့ သူတို့က နောက်မှ ၀င်လာတာဖြစ်တဲ့အတွက်ကြောင့် နေရာမရဘူး၊ ဒီလိုအခက်အခဲတွေ ဖြစ်နေတဲ့အပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ အမျိုးသမီးတွေရဲ့ အသံတွေ သဘောထားတွေကို ရအောင်ယူမလဲ၊ အမျိုးသမီးကိုယ်စားပြုမှုတွေပါအောင် ဘယ်လိုလုပ်ရမလဲ အဲ့ဒါကတော့ ဒီနေ့ အရေးတကြီး စဉ်းစားဆွေးနွေးပြီးတော့ ပြင်ဆင်ရေတဲ့ လုပ်ငန်းစဉ်တခု ဖြစ်လာတာပေါ့။”

ဒေါ်သန္တာဦး (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- နည်းပညာအကြံပေး)

“တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အစုအဖွဲ့ ၁၀ ခုက လက်မှတ်ထိုးထားတယ်။ ဒါပေမယ့် ထိုးထားတဲ့အချိန်မှာ မတူညီတဲ့ ဆိုဒ်အနေနဲ့ဆိုရင် ဒေသ မတူညီဘူး၊ ယဉ်ကျေးမှု မတူညီဘူး၊ ဘာသာစကား မတူညီဘူး။ ဒါပေမယ့် အမျိုးသမီးနဲ့ ပတ်သက်လို့ရှိရင်တော့ တူညီတဲ့ အခက်အခဲလေးတွေရှိတယ်။ အဲ့ဒီဟာတွေအတွက် အပြန်အလှန် ရှယ်ခွင့်ရတယ်။ နောက်ပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရှိရင် အမျိုးသမီးတွေက အားလုံးမှာ ပိုပြီး စိတ်အားထက်သန်မှု ရှိတယ်။ ပါဝင်ဖို့လည်း အဆင်သင့်ရှိကြတယ်ဆိုတာ သိခွင့်ရတယ်။ တူညီတဲ့အခက်အခဲဆိုတာ ကျမတို့ အမျိုးသမီးတွေမှာ ရှေတန်းရောက်လာဖို့အတွက်ကို အမျိုးသမီးတွေမှာ ရုန်းကန်ရတယ်၊ နောက်ပြီးတော့ အမျိုးသမီးတယောက် ရှေတန်းရောက်လာဖို့ဆိုရင် အမျိုးသားတွေနဲ့ မိသားစုက ဘယ်လို ပံ့ပိုးဖို့ လိုအပ်တယ်၊ သူတို့ဆီမှာ အလုပ် ဘာတွေ ရှိလဲ၊ အိမ်တွင်းတာဝန်တွေ နောက် ပတ်ဝန်းကျင်ရဲ့ စေ့ဆော်အားပေးမှုတွေ ရိုးရာဓလေ့ထုံးစံအရ ကျမတို့ကို ဖိနှိပ်ထားသလိုဖြစ်တယ်။ မြန်မာဓလေ့ထုံးတမ်းစဉ်လာအရဆိုရင် ဖိနှိပ်မှု မရှိဘူးဆိုတဲ့ အသုံးအနှုန်း ရှိတယ်။ ဘုရာဟောတရားမှာလည်း မပါဘူးပေါ့။ သို့သော်လည်း အမျိုးသမီးသည် အမျိုးသားရဲ့နောက် လိုက်ဖြစ်တယ်၊အမျိုးသားသည် အိမ်ထောင်ဦးစီးဖြစ်တယ်၊ ဦးဆောင်သူဖြစ်တယ် ဆိုတဲ့ အနေအထားတွေပေါ့။ ဒါတွေမှာ တူညီမှုတွေ ရှိကြတယ်။ အဲ့ဒီတော့ အမျိုးသမီးတယောက် ရှေ့တန်းရောက်လာဖို့ ဆိုလို့ရှိရင် အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ပြီးမှ ရှေ့ကို ရောက်လာနိုင်တယ်ဆိုတဲ့ဟာလေးတွေပါ။

ဒေါ်နန့်စေးအွာ (ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ဝင်)

“တပ်ပိုင်းဆိုင်ရာကို တိုင်ကြားလာတဲ့အခါမှာ ကွင်းဆင်းသွားတဲ့အခါမျိုးတွေမှာ သူတို့တွေမှာ တည်းဖို့ပြုဖို့ အခက်အခဲရှိတဲ့အတွက်ကြောင့်မို့ အဲ့ဒါကို သွားပြီးပတ်သက်တော့ ပြည်သူလူထုက ပြန်တိုင်တာတွေ ရျိတယ်။ အဲ့ဒီလိုမျိုးပဲ တဘက်ကလည်းပဲ ဆက်ကြေး မကောက်ရဘူး၊ ပြည်သူလူထုဆီကပေါ့နော် ငွေရေးကြေးရေးပေါ့နော်၊ အဲ့လိုမျိုး မယူဆောင်ရဘူး ပြောလိုက်တဲ့အခါမှာ တကယ့်အောက်ခြေမှာ ရှိနေတဲ့ EAO ခေါင်းဆောင်တွေ ရဲဘော်တွေ ဘက်ကျ မသိသာနိုင်သေးဘူး။ ပြီးတော့ အများအားဖြင့် ကျမတို့ကပြန်လည်ပြီးတော့ အသိပေးတဲ့အခါမှာ မေးခွန်းပြန်မေးတာတွေ ရှိတယ်၊ ပြည်သူလူထုကပဲ မေးတာနော်၊ ဒါဆိုရင် ဒီဘက်က ခေါင်းဆောင်ကြီးတွေ EAO ခေါင်းဆောင်ကြီးတွေက ဆက်ကြေးတွေ မကောက်ရဘူးဆိုရင် သူတို့တွေရဲ့ မိသားစု စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းပေးမလဲ၊ အဲ့ဒါမျိုးတွေပေါ့နော်။ ဆိုတော့ ကျမတို့အနေနဲ့ကတော့ ဒါကို ဖြေရှင်းပေးဖို့ အကြံပြုပေးဖို့ထက် ကျမတို့ လုပ်ရမယ့် JMC အပိုင်းမှာပဲ ပြောရေးဆိုခွင့် ရှိတာပါလို့ ကျမတို့က ပြောလိုက်ပါတယ်။ ဒီဟာတွေက ကျမတို့ရဲ့ JMC အဖွဲ့က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ မဟုတ်ပါဘူး။ နှစ်ဘက်ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်က လုပ်ဆောင်ထားတဲ့ သဘောတူထားတဲ့အချက်တွေ ဖြစ်တဲ့အတွက် ကျမတို့အနေနဲ့ အသိပေးချပြလို့ပဲ ရပါတယ်ဆိုတာမျိုးလေးတွေပေါ့နော်။ ဒါကြောင့် နှစ်ဘက် လိုက်နာဖို့ဆိုတဲ့နေရာမှာ နည်းနည်းလေး ခက်ခဲနေပါသေးတယ်။ ပြီးတော့ တချက် ရှိပါသေးတယ်။ EAO ခေါင်းဆောင်တွေက ကွန်ပလိန်းတက်လာတာပေါ့။ ဟုတ်ပြီ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်၊ နှစ်ဘက်တပ်တွေ ကျင့်ဝတ်၊ ဥပမာဆိုရင် တပ်သားသစ် မစုဆောင်းရဆိုတာ ပါပါတယ်။ ဆိုတော့ အဲ့ဒီဟာက EAO တွေချည်းပဲလား သူတို့က ပြန်မေးပါတယ် ဒါမျိုးလည်း ရှိတယ်။ အဲ့ဒီတော့ ကျမတို့ကတော့ ကျမတို့ စကားတခွန်းနဲ့ ငြိမ်းချမ်းရေးပျက်ပြယ်တာမျိုးလည်း မဖြစ်စေချင်ဘူး၊ ဒါကြောင့်မို့ ကျမတို့အားလုံး သတိထားပြီး ပြောရဆိုရပါတယ်။”

နန်းယဉ်ယဉ်စိုး (ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ဗဟိုအလုပ်အမှုဆောင်)

“EAO အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုအပေါ်မှာ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ အမျိုးသမီးတွေ ပါဝင်မှုက အားနည်းနေတဲ့အပိုင်းတွေ ရှိတယ်။ အဲ့ဒီအားနည်းနေတဲ့အပေါ်မှာမှ EAO တွေဘက်က အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ဆက်လက်ပြီး အားနည်းနေဆဲ ဖြစ်ပါတယ်။ အဲ့ဒီအားနည်းနေတဲ့အပေါ်မှာ ကျမတို့အနေနဲ့ ဒီ့ထက်ပိုပြီးတော့ ကောင်းမွန်တဲ့ အရည်အချင်း ပြည့်ဝတဲ့ အမျိုးသမီးတွေ ပေါ်ပေါက်လာအောင် ပိုပြီးတော့ ပါဝင်လာနိုင်အောင် ဒီဝပ်ရှော့ကို ပထမဆုံးအကြိမ် စုစည်းပြီး လုပ်ရခြင်း ဖြစ်ပါတယ်။ ဒီပထမဆုံးအကြိမ် ၀ပ်ရှော့ကနေပြီးတော့မှ အခု မတူညီတဲ့ အဖွဲ့အစည်းတွေက လာပြီးတော့ ယုံကြည်မှုတည်ဆောက်မယ်၊ ဒီကနေပြီးတော့ ကျမတို့ ရှေဆက် အမျိုးသမီးတွေ ပါဝင်ဖို့ ဘယ်လို မဟာဗျုဟာတွေနဲ့ ရင်ဆိုင်မလဲဆိုတဲ့ စီမံချက်တွေ ရေးဆွဲမယ်၊ လာမယ့် လေးကြိမ်မှာလည်း အဲ့ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မှု အတိုင်းအတာမှာ ဘယ်လို နည်းဗျုဟာတွေ ချမှတ်ပြီးတော့မှ အဆင့်လိုက် အကောင်အထည်ဖော်သွားမယ်၊ ၀ပ်ရှော့လေးတွေ တပွဲပြီး တပွဲ လုပ်သွားမယ်ဆိုတဲ့ ပုံစံကို ကျမတို့ စီစဉ်ထားတာ ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013