DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ကို တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုကင်းသည့် မြို့ဖြစ်ရန် လုပ်ဆောင်နေ
DVB
·
October 3, 2018
ရန်ကုန်ကို တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုကင်းသည့် မြို့ဖြစ်ရန် လုပ်ဆောင်နေ
1 / 5
Donate to DVB

ရန်ကုန်ကို အရှေ့တောင်အာရှမှာ တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှု ကင်းတဲ့ ပထမဆုံးမြို့ ဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်း သစ်တောဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနဲ့ ပူးပေါင်းပြီး ဈေးကွက်တွေ၊ အရောင်းဆိုင်တွေအနေနဲ့ ဒီအစီအစဉ်ကို သိအောင် ပြည့်စုံလုံလောက်တဲ့ အသိပညာပေး လုပ်ငန်းတွေနဲ့ အသိပေးသွားမှာဖြစ်သလို ဥပဒေနဲ့ အညီအရေးယူသွားမယ်လို့ ရန်ကုန်တိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောပါတယ်။

ရန်ကုန်တိုင်းထဲမှာ ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ အစိတ်အပိုင်းတွေ တရားမဝင် ရောင်းဝယ်နေတာကို မလုပ်ကြဖို့ စက်တင်ဘာလကုန်မှာ ထုတ်ပြန် ကြေညာထားပါတယ်။

ရောင်းဝယ်သူတွေကို တည်ဆဲဥပဒေဖြစ်တဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေအရ ထောင်ဒဏ်ချမှတ်တဲ့ အရေးယူနိုင်တာ ဖြစ်ပါတယ်။

တောရိုင်းတိရစ္ဆာန်တွေထဲမှာ လုံးဝ ကာကွယ်ထားတာနဲ့ သာမာန်ကာကွယ်ထားတာလို့ ရှိပြီး ဒီတားမြစ်တဲ့ အမိန့်ကို ၁၉၉၄ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့တာပါ။

ဒီအမိန့်အရ လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်ထဲမှာ ကြံ့၊ ဆင်၊ သမင်၊ လင်းပိုင်၊ ဝံပုလွေ၊ ယုန်သမင်စတဲ နို့တိုက်သတ္တဝါ ၃၉ မျိုး၊ ဒေါင်းအမျိုးမျိုး၊ ရစ်အမျိုးမျိုး၊ စွေ့၊ ဇီးကွက်၊ သာလိကာနဲ့ ဇင်ယော်အပါအဝင် ငှက် အမျိုး ၅၀၊ စပါးကြီးမြွေ၊ ဂင်္ဂါမိကျောင်း၊ ပြင်သာလိပ် စတဲ့ တွားသွား သတ္တဝါ ၉ မျိုးပါဝင်ပါတယ်။

သာမာန် ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်ထဲကတော့ ဆတ်၊ တောကျွဲ၊ မျောက်တွေနဲ့ တောကြောင်တွေအပါအဝင် နို့တိုက်သတ္တဝါ ၁၂ မျိုး၊ ဗျိုင်း၊ ငူ၊ ဝတ်ရည်စုပ်၊ ဇီဝစိုးစတဲ့ ငှက် ၄၃ မျိုး၊ မိကျောင်းတွေ၊ ကုန်းလိပ်တွေ၊ ရေလိပ်တွေ၊ အခွံပျော့လိပ်တွေ၊ ဖွတ်တွေနဲ့ စပါးအုံးမြွေအပါ အဝင် တွားသွားသတ္တဝါ ၆ မျိုးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဒရယ်နဲ့ ဂျီ၊ ဥသြ၊ ရေကြက်၊ ခါ စတဲ့ ငှက် ၁၃ မျိုးကိုလည်း ရာသီအလိုက် ကာကွယ်ပေးထားပါတယ်။

ရန်ကုန်တိုင်းထဲက ဈေးတွေ၊ ယာဉ်လိုင်းတွေ၊ အမှတ်တရ ပစ္စည်းဆိုင်တွေမှာ ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ သူတို့ရဲ့ အစိတ်အပိုင်းတွေ၊ ဆင့်ပွားလုပ်ထားတဲ့ ပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်တာ၊ ရောင်းဝယ်တာ၊ သယ်ဆောင်တာနဲ့ အသားဟင်းလျာ အဖြစ် ရောင်းချတာဟာ ဥပဒေကို ဆန့်ကျင်ကျူးလွန်နေတာ ဖြစ်တဲ့အကြောင်း မနှစ်ကစလို့ ပညာပေးခဲ့တယ်လို့လည်း သစ်တောဦးစီးဌာနက ဆိုပါတယ်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ WWF-မြန်မာရဲ့ ဌာနေ ညွှန်ကြားရေးမှူး ခရစ္စတီး ဝီလျံက “WWF အနေနဲ့ ရန်ကုန်က အခုလိုမျိုး ခြေလှမ်းသစ်ကို ကြေညာလိုက်တဲ့အပေါ် ဝမ်းသာဂုဏ်ယူပါတယ်။ တိုင်းဒေသကြီးအတွင်း အစိုးရရဲ့ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးဖို့လည်း အသင့်ရှိပါတယ်။ နောက်တဆင့်အနေနဲ့ ကတော့ မြန်မာတနိုင်ငံလုံးမှာ တောရိုင်း တိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုတွေ ကင်းစင်သွားဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လာမယ့်အောက်တိုဘာ ၄ရက်နေ့မှာလည်း ဆင်စွယ်အပါအဝင် ဖမ်းဆီးရမိထားတဲ့ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို အစိုးရက ပထမဆုံးအကြိမ်အဖြစ် မီးရှို့ဖျက်စီးသွားဖို့ ရှိနေပါတယ်။

တောရိုင်းတိရစ္ဆာန်တရားမ၀င်ကုန်သွယ်မှုတားဆီးကာကွယ်ရေးအတွက်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း ၃ ရက်အကြာ သင်တန်းပို့ချပေးနေပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန် သွယ်မှုကို လေဆိပ်တွေက တစ်ဆင့် တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ အတွက်ရည်ရွယ် လုပ်ဆောင်တာလို့ ရန်ကုန်တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဒုညွန်ကြားရေးမှူး ဦးဝင်းမော်က ပြောပါတယ်။

ဒီသင်တန်းကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှာရှိတဲ့ ဝန်ထမ်းတွေ၊ လေဆိပ်ရဲနဲ့ အကောက်ခွန်ဝန်ထမ်း စုစုပေါင်းအယောက် ၂၀၀ ကို သင်ကြားပေးနေတာဖြစ်ပြီး မန္တလေးလေဆိပ်တော့  တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန် သွယ်မှုကို တာဆီး ကာကွယ်ရေး သင်တန်း ပို့ချပြီးဖြစ်ပါတယ်။

ဒါ့အပြင် တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တာဆီးကာကွယ်ရေးတွေကို ပြည်သူတွေသိရှိဖို့ အတွက်  မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာလည်း ပညာပေးလုပ်ဆောင်နေပါတယ်။

ဒီဆိုင်မှာ တောရိုင်းတိရစ္ထာန် အသားမရောင်းပါ။ ဒီယာဉ်လိုင်းမှာ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေ တင်ဆောင်ခွင့်မပြုပါ။ ဒီဆိုင်မှာ တောရိုင်းတိရိစ္ထာန်အစိတ်အပိုင်းနဲ့ လုပ်ဆောင်ထားတဲ့ ပစ္စည်းတွေ မရောင်းပါဆိုတဲ့ လက်ကမ်း စာစောင်တွေကိုလည်း ဖြန့်ဝေထားပါတယ်။

ဒါ့အပြင် တောရိုင်းတိရစ္ဆာန်တွေကို မန္တလေး၊လားရှိုး၊ မူဆယ်၊ရွှေလီလမ်းကြောင်းတွေမှာ သယ်ဆောင်လို့ မရအောင်လို့ သစ်တောဦးစီးဌာနနဲ့ ပူးပေါင်းပြီး အသိပညာပေးတွေပါ လုပ်ဆောင်နေတယ်လို့ သားငှက်ထိန်းသိန်းရေးအဖွဲ့ကပြောပါတယ်။

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြှောင်ကျေးရွာမှာတော့  တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ဝန်ထမ်းဘဝမှာ တစ်ရက်တာ အစီအစဉ်ကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ကွမ်းသီးမြှောင်ကျေးရွာဟာ မြိုင်ဟေဝန်ဆင်စခန်းအနီး တိုက်ကြီးမြို့နယ်မှာရှိပြီး တောဆင်ရိုင်းတွေ အများဆုံး ကျက်စားကြတဲ့နေရာဖြစ်ပါတယ်။

ဆင်နဲ့ လူအကြား ပဋိပက္ခမဖြစ်ပွားစေဖို့နဲ့ တောဆင်ရိုင်းတွေ အသတ်မခံရဖို့အတွက် WWF Myanmar ကနေ တောဆင်ရိုင်းတွေကို ရေဒီယိုလည်ပတ်တပ်ဆင်ခြင်း EERU လို့ ခေါ်တဲ့ ဆင်အရေးပေါ်တုံ့ပြန်ရေးယူနစ်အဖွဲ့ကို ထောက်ပံ့တာတွေ ဆောင်ရွက်နေပါတယ်။

ဒီအစီအစဉ်မှာ သစ်တောဦးစီးဌာနတာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်၊ WWF Myanmarနဲ့ သတင်းမီဒီယာသမားတွေက ဒေသခံတွေနဲ့အတူပါဝင်ခဲ့ကြပါတယ်။

သတင်း-ပိုင်စိုး၊ သူဇာလင်း၊ ထွန်းထွန်းသိန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013