DVB Logo
Home
မြန်မာသတင်း
ထင်ရှားသည့် မွန်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်း ၉၆ နှစ် ကွယ်လွန်
DVB
·
October 3, 2018
ထင်ရှားသည့် မွန်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်း ၉၆ နှစ် ကွယ်လွန်
Donate to DVB

ထင်ရှားတဲ့ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သလို မွန်နိုင်ငံရေးပါတီတွေအပါအ၀င်  မွန်တမျိုးသားလုံးက လေးစားရတဲ့ မွန်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်းဟာ လူကြီးရောဂါနဲ့ အောက်တိုဘာ ၂ ရက်  ညနေက ကွယ်လွန်သွားပါတယ်။

နိုင်ငွေသိမ်းဟာ ရန်ကုန်မြို့၊ ရန်ကင်းတိုက်ခန်း နေအိမ်မှာ ကွယ်လွန်သွားခဲ့ဖြစ်ပြီး သူဟာ ငယ်စဉ်ကတည်းက နိုင်ငံရေးလုပ်ဆောင်လာခဲ့သူဖြစ်တဲ့အတွက် သူကွယ်လွန်သွားတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့  မွန်နိုင်ငံရေးပါတီ ဒု-ဥက္ကဋ္ဌ ၂ နိုင်ငွေသိန်းက ပြောပါတယ်။

“အခုထိ သူကို မွန်နိုင်ငံရေးပါတီမှာ ဥက္ကဋ္ဌအနေနဲ့ ကျနော်တို့က ထားထားတုန်းပဲ။ ဥက္ကဋ္ဌ အနေနဲ့ဆုံးသွားတာပါ။ မွန်နိုင်ငံရေးမှာဆိုလို့ရှိရင်တော့ သူကဟိုးငယ်ငယ်လေးကတည်းကနေ အခုထိက တလျှောက်လုံး နိုင်ငံရေးလုပ်ခဲ့တဲ့ လူတယောက်ပါ။ လက်နက်ကိုင် တော်လှန်ရေးလည်းပါတာပဲ။ ဒီမိုကရေစီရေး၊ ပြည်နယ်ရရှိရေးလည်းပါတာပဲ။ တလျှောက်လုံး တသက်လုံး နိုင်ငံရေးလုပ်ခဲ့တဲ့လူတယောက်ပါ။ ကျနော်တို့ဆိုရင် အားကိုးတာပေါ့။ တမျိုးသားလုံးက နေပြီးတော့ ကျနော်တို့ အဘိုးနိုင်ငွေသိမ်းကို အားကိုးကြတာပေါ့။  ဘာမှ မလုပ်နိုင်ဘဲ အိပ်ယာထဲရှိတာတောင်မှ သူ့ရဲ့ညွန်ကြားချက်၊ အတွေးအခေါ်အယူအဆတွေကို အမြဲတမ်းယူပြီးတော့ လိုက်နာဆောင်ရွက်တဲ့အနေအထားမှာ ရှိတုန်းပဲ။ အခုကျတော့ ဘ၀တပါးကို ပြောင်းသွားတယ်ဆိုတာ ကျနော်တို့စိတ်မကောင်းကို တအားဖြစ်တာပေါ့။ မဖော်ပြနိုင်လောက်အောင် ၀မ်းနည်းတာပေါ့လေ။ ကျနော်တို့ရဲ့ခေါင်းဆောင်တယောက်က အခုလိုမျိုး ဆုံးရှုံးရတာနောက်အစားထိုးဖို့ဆိုတာ သိပ်လွယ်ကူတဲ့ အနေအထားမျိုး မရှိတော့ဘူး”

နိုင်ငွေသိမ်းကို ၁၉၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်မှာ  အဖ နိုင်သာအောင်ဒွန်နဲ့ အမိ မိငွေသုန်တို့ကနေ ဖွားမြင်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာ  ဖျာပုံအထက်တန်းကျောင်းသား ဘဝနဲ့ ကျောင်းသားသပိတ်မှာ စတင်ပါဝင်ခဲ့ပါတယ်။

၁၉၄၂ ဂျပ်ဆင်ကောလိပ်မှာ တက္ကသိုလ်ကျောင်းသားဘဝ နယ်ချဲ့ဆန့် ကျင်ရေးလှုပ်ရှားမှု မှာ ပါဝင်ခဲ့သလို အသက် ၂၀ အရွယ်မှာ  ဘီအိုင်အေတပ်ကို ဝင်ရောက်ခဲ့ပြီး ကျိုက်လတ်မြို့နယ် လုံခြုံရေးတာဝန်ယူခဲ့ပါတယ်။

၁၉၄၃ အာရှလူငယ်အဖွဲ့ချုပ်မှာ ပါဝင်လှုပ်ရှားခဲ့ကာ ဂျပန်တော်လှန်ရေးကာလမှာ ရန်ကုန်ခရိုင် အတွင်း ပျောက်ကျားအဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

၁၉၄၈ ခုနှစ်မှာ  နိုင်ပန်းသာဦးဆောင်တဲ့  မွန်လူငယ်တွေက ဇာသပြင်ရဲစခန်းကို ဝင်သိမ်းပြီး လက်နက်တွေသိမ်းပိုက်ကာ မွန်တော်လှန်ရေးစတင်လိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငွေသိမ်းကို ဖမ်းဆီးခဲ့ပြီး မော်လမြိုင်အကျဉ်းထောင်မှာ ထိမ်းသိမ်းခံခဲ့ရပါတယ်။

ကေအန်ယူက မော်လမြိုင်ကို သိမ်းပြီးနောက် နိုင်ငွေသိမ်းကို ဇူလိုင် ၃၀ ရက် ည ၁၁ နာရီမှာပြန်လွှတ်ပေးခဲ့တဲ့အတွက်   ကေအန်ယူရဲတပ်ရင်းနဲ့အတူ မွန်-ကရင်ပူးတွဲအုပ်ချုပ်ရေးမှာ ပါဝင်ကာ မော်လမြိုင်မြို့ကို အုပ်ချုပ်ခဲ့ပါတယ်။

၁၉၄၉ ခုနှစ်မှာ မွန်လက်နက်ကိုင်တောင်လှန်ရေးအဖွဲ့ခေါင်းဆောင်အနေနဲ့ သံဖြူဇရပ်မြို့နယ်မှာ အခြေချနေစဉ် လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ဖို့ ဖဆပလ အစိုးရက လာရောက်ဆွေးနွေးခဲ့ပါတယ်။

မွန်ပြည်နယ်ရရှိရေး တင်ပြချက်ကို လက်မခံခဲ့လို့  ဆွေးနွေးပွဲပျက်ခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲ ဆက်လိုဖို့  ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ပါတယ်။ ၁၉၅၂ ဖော်ဖော်ဝါရီက စတင်ပြီး မွန်အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကိုဖွဲ့စည်းရာမှာ ဥက္ကဋ္ဌ တာဝန်ကို စတင်တာ ဝန်ယူ ခဲ့ပါတယ်။

၁၉၅၈ ဇူလိုင် ၁၉ ရက်မှာ မွန်ပြည်သူ့တပ်ဦးနဲ့  ဖဆပလအစိုးရတို့ လက်နက်နဲ့ ဒီမိုကရေစီလဲလှယ်ရေးအစီအစဉ်အဖြစ် သဘောတူညီချက်ရရှိခဲ့ပြီး မွန်ပြည်သူ့တပ်ဦးဟာ ပြည်တွင်းသို့စတင်ဝင်ရောက်ခဲ့ပါတယ်။ ၁၉၆၀ ရွေးကောက်ပွဲမှာ ဘားအံမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာရှုံးနိမ့်ခဲ့ပါတယ်။

၁၉၆၂ ဖေဖော်ဝါရီ ၂၄ ရက်မှာ  မြန်မာ့အသံလွှင့်ရုံမှာ ပြုလုပ်တဲ့ ပြည်ထောင်စုနဲ့ ပတ်သက်သည့်ဆွေးနွေးပွဲမှာ  တက်ရောက်ခဲ့ပြီး မတ်လ ၂ ရက်မှာ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းခဲ့ရာ နိုင်ငွေသိမ်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြန်ပါတယ်။

၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးကော်မတီဖွဲ့စည်းရာမှာ တနင်္သာရီ တိုင်းကို တာဝန်ယူခဲ့ပြီး ၁၉၆၃ နိုဝင်ဘာမှာ ကော်မတီပျက်ကာ ဗိုလ်ချုပ်နေဝင်းက ထပ်မံဖမ်းဆီးခဲ့ပြီး ၁၉၆၅ ဇွန် ၃ ရက်မှာ ထောင်က ပြန်လွတ်လာခဲ့ပါတယ်။

ဒါပေမယ့် ရန်ကုန်နယ်နိမိတ်ပြင်ပကို ၂ နှစ်အတွင်း မထွက်ခွာဖို့ ခြေချုပ်ခံခဲ့ရပြီး  ၁၉၈၁ ကနေ ၁၉၈၈ ခုနှစ်တွေအတွင်း မွန်စာပေနဲ့ ယဉ်ကျေးမှုကိစ္စတွေပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

၁၉၈၈ အရေးတော်ပုံမှာ တိုင်းရင်းသားတွေနဲ့အတူ ဦးဆောင်ပါဝင်ခဲ့ပြီး  ၁၉၈၉ မှာ မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦး (MNDF) ထူထောင်ရာမှာ ဒုဥက္ကဋ္ဌ တာဝန်ကို ယူခဲ့ပါတယ်။

၁၉၈၉ ခုနှစ်မှာ  တိုင်းရင်းသားပါတီများမဟာမိတ်အဖွဲ့ (UNLD) အမြဲတမ်း သဘာ ပတိအဖွဲ့ဝင် တာဝန်ယူခဲ့ပြီး ၁၉၉၀မှာ  UNLDနဲ့ NLD တို့ ပူးတွဲကြေညာတဲ့ ဗိုလ်အောင်ကျော်လမ်းပူးတွဲကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

၁၉၈၈ခုနှစ်မှာ  နိုင်ထွန်းသိန်းနဲ့ အတူမွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ကာ ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ  ဘားအံမြို့နယ်က ထပ်မံယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီနောက်မှာ ပါတီဖျက်သိမ်းခံခဲ့ရပြီး  စစ်အစိုးရလက်ထက် တလျောက်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ်အဖြစ်လက်တွဲကာ ဒီမိုကရေစီအရေး တိုင်းရင်းသားအရေးအတွက် တက်ကြွစွာ ရပ်တည်ပါဝင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ မွန်ဒီမိုကရေစီပါတီကို မှတ်ပုံပြန်တင်ခဲ့ပြီးနောက် မွန်နှစ်ပါတီကို တစ်ပါတီတည်းအဖြစ်ပူးပေါင်းဖို့ မွန်သံဃာတွေနဲ့ ပြည်သူတွေရဲ့ တိုက်တွန်းချက်အရ ၂၀၁၄မှာ မွန်အမျိုးသားပါတီ ထူထောင်ရာမှာ ဥက္ကဋ္ဌအဖြစ်ပြန်ရွေးကောက်တင် မြှောက်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013