DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာထွက်ပြေးသွားသူများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး ပြင်ဆင်ထား
DVB
·
October 3, 2018
နေရပ်စွန့်ခွာထွက်ပြေးသွားသူများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး ပြင်ဆင်ထား
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ထွက်ပြေးသွားသူတွေ ပြန်လာတဲ့အခါမှာ လုံခြုံပြီး လူသားဂုဏ်သိက္ခာရှိရှိ ဝင်ရောက်ခွင့်ရစေဖို့ ပြင်ဆင်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အောက်တိုဘာ ၁ရက်ကနေ ၅ရက်အထိ ကျင်းပနေတဲ့ (၆၉)ကြိမ်မြောက်  High Commissioner’s Programme အမှုဆောင်ကော်မတီ အစည်းအဝေးမှာ UEHRD ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ ကိုယ်စား မိန့်ခွန်း ပြောကြားခဲ့တာပါ။

ဝန်ကြီးက “ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံတွင်း နေထိုင်ခဲ့ကြောင်း အတည်ပြုထားသူတွေ သူတို့ရဲ့ဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ချိန်မှာ လုံခြုံပြီး လူသားဂုဏ်သိက္ခာရှိရှိ ဝင်ရောက်ခွင့်ရစေရန် ပြင်ဆင်ထားပါတယ်။  ဒါပေမယ့် ကျယ်ပြန့်တဲ့ အရေးကိစ္စဖြစ်တာကြောင့် မြန်မာနိုင်ငံနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်ပံ့ပိုးလိုသူတွေကို ကမ်းလှမ်းဖိတ်ခေါ်ပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့  မိမိနိုင်ငံမှာ နေထိုင်ခဲ့သူတွေကို  ပြန်လက်ခံဖို့ အသင့်ရှိတယ်၊ ပြောင်းရွှေ့မှုတွေ ဖြစ်ပေါ်ပြီး ၃လအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရွှေ့ပြောင်းသူများပြန်လည် လက်ခံရေး နှစ်နိုင်ငံသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ နည်းတူ ဒီသဘောတူညီပါ အချက်အလက်တွေကိုလည်း အကောင်အထည်ဖော်နေတယ်လို့ ပြောပါတယ်။

“လတ်တလောရွှေ့ပြောင်းမှုဖြစ်စဉ်ဟာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဖြစ်စဉ်ဖြစ်သလို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဟာ အလွန်အရေးပါတယ်လို့ ထပ်ဆောင်းတင်ပြလိုပါတယ်၊ အခက်အခဲတစ်စုံတရာရှိပါကလည်း နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းရေးဟာ အသင့်လျော်ဆုံးဖြစ်ပါတယ်”လို့ ၀န်ကြီးက ပြောပါတယ်။  

ဒါ့အပြင် ကုလသမဂ္ဂ အေဂျင်စီတွေဖြစ်တဲ့ UNDPနဲ့ UNHCRတို့နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်နေသလို  ဒေါက်တာကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက် ၈၈ ချက်အနက် ၈၁ ချက်ကို ဆောင်ရွက်ထားတယ်လို့ လည်း ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်း လူ့အခွင့် အရေးချိုးဖောက်မှုတွေ ရှိတယ်လို့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို အလေးထားပါတယ်။ လူ့ အခွင့်အရေးချိုးဖောက်မှုတွေ ရှိကြောင်း အထောက်အထားတွေ့ရှိပါက ဥပဒေနဲ့ အညီအရေး နေတယ်။ ဒီစွပ်စွဲမှုတွေအတွက်  နိုင်ငံတကာက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ- လူကယ်ပြန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013