DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာအလှူငွေများ နှောင်ကြိုးဖြင့် လှူဒါန်းမှုမဖြစ်စေလိုဟု သမ္မတဦးဝင်းမြင့်ပြော
DVB
·
October 3, 2018
နိုင်ငံတကာအလှူငွေများ နှောင်ကြိုးဖြင့် လှူဒါန်းမှုမဖြစ်စေလိုဟု သမ္မတဦးဝင်းမြင့်ပြော
Donate to DVB

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အလှူငွေတွေဟာ နှောင်ကြိုးနဲ့ လှူဒါန်းမှုတွေ မဖြစ်စေချင်ဘူးလို့  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂ ရက် မနက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမမှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တာဝန်ရှိသူတွေနဲ့   လက်ခံတွေ့ဆုံ စဉ် ပြောကြားခဲ့တာလို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်က “မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အကျိုးနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ရပ်တည်ရမယ်၊  နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အလှူငွေတွေကို လက်ခံနိုင်ပေမယ့် နှောင်ကြိုးနဲ့ လှူဒါန်းမှုတွေ မဖြစ်စေလိုဘူး၊ မွန်မြတ်တဲ့ လူမှုကရုဏာလုပ်ငန်း လုပ်ဆောင်သူတွေအနေနဲ့ ငွေကြေးအလွဲသုံးစားမှုတွေ မရှိနိုင်ပေမယ့် လုပ်မှားကိုင်မှား ရှိနိုင်တယ်၊ ဒါကြောင့် ဒီလိုမဖြစ်စေဖို့  ပွင့်လင်းမြင်သာမှုရှိပြီး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ရန်လိုတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ အမှတ်တံဆိပ်နဲ့ သင်္ကေတကို အလွဲသုံးမှုနဲ့ ပတ်သက်လို့လည်း  ဥပဒေအသစ် ပြန်လည်ရေးဆွဲတာ ဒါမှမဟုတ် လက်ရှိဥပဒေကို ပြင်ဆင် ဖြည့်စွက်တာလုပ်ဖို့လည်း သမ္မတက အကြံပြုပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ကျစ်လစ်ခိုင်မာတောင့်တင်းတဲ့ အဖွဲ့အစည်းတွေအဖြစ် အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်သွားဖို့နဲ့ လူမှုကရုဏာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူငယ်တွေကို စနစ်တကျ ပြုစုပျိုးထောင် ပညာပေးဖို့လည်း တိုက်တွန်းသွားပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ နာယကလည်းဖြစ်ပြီး ဒီတွေ့ဆုံပွဲမှာ သမ္မတရုံးဒုဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ ဒုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှ၊ အထွေထွေအတွင်းရေးမှူး  ဦးခင်မောင်လှနဲ့ မင်းသား ဝေဠုကျော်အပါအ၀င် အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှု ဆောင်အဖွဲ့ဝင်တွေလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013