DVB Logo
Home
မေးမြန်းခန်း
မြစ်ရေကြီးမှုအခြေအနေ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို မေးမြန်းချက်
DVB
·
August 16, 2012
မြစ်ရေကြီးမှုအခြေအနေ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို မေးမြန်းချက်
Donate to DVB

လတ်တလော ဖြစ်ပေါ်နေတဲ့ မြစ်ရေကြီးမှုတွေနဲ့ ပတ်သက်ပြီး မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က လာမယ့် စက်တင်ဘာ၊ အောက်တိုဘာ ၂ လ ဂရုစိုက်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

[caption id="attachment_16687" align="alignleft" width="300" caption="ဦးထွန်းလွင်"][/caption]

ဦးထွန်းလွင်ကို ဒီဗွီဘီသတင်းထောက် ဦးရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မြစ် ၄ စင်းနဲ့ မြို့ ၅ မြို့လောက် လက်ရှိ ရေကြီးနေတယ်။ အဲဒီ ရေကြီးနေတာတွေနဲ့ ပတ်သက်ပြီး ဆရာတို့ကလည်း ကြိုတင်ကာကွယ်ဖို့တွေ ပြောတယ်။ အခု လက်တွေ့မြင်နေရတာတွေကလည်း ကြိုတင်ကာကွယ်မှု မရှိဘဲ ရေတက်လာမှ ထွက်ပြေးကြတာတွေ တွေ့ရတယ်။ အဲဒီအပေါ်မှာ သုံးသပ်အကြံပေးပါလား။

“အဲဒါကတော့ ကျနော်တို့ မကြာခဏ ပြောနေတာပဲဗျ။ ကြိုတင်ကာကွယ်မှုအပိုင်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရင် အားနည်းတာပေါ့။ မလုပ်တာတော့ မဟုတ်ဘူး။ လုပ်တဲ့နေရာတွေ ရှိပါတယ်။ ကျနော်ကိုယ်တွေ့ တွေ့ဖူးတာက ၂၀၀၄ ခုနှစ် ဟင်္သာတပေါ့။ အဲဒီလို လုပ်တာ အလွန်ကောင်းပါတယ်။ ခက်တာက ဦးဆောင်တဲ့သူက အဓိကဗျ။ အဲဒီတုန်းက ဦးဆောင်တဲ့သူက အလွန်ကောင်းတယ်ဗျ။ ဒါပေမယ့် အဲဒီလိုမျိုး ဦးဆောင်မှု မပေးနိုင်တဲ့ နေရာမျိုးတွေကျတော့ သဘာဝဘေးအန္တရာယ် စောင့်ရှောက်ရေးကို သိပ်နားမလည်တဲ့ နေရာကျတော့ ဟာသွားတာပေါ့။ အပေါ်ကတော့ လုပ်နေတာပဲ အဖွဲ့တွေ ဖွဲ့တာ။ ဒါတွေက အလုပ်သဘောအရ ကြည့်ရင် ဟုတ်သလိုပဲ။ ဒါပေမယ့် အတွင်းကျကျကြည့်ရမှာ။ အဓိက က ၂ချက်ဗျ။ ပထမက g00d management ဗျ။ နောက်တခု must participation။ အဲဒီ ၂ ခုရှိရင် အောင်မြင်မယ်။ မရှိရင် မအောင်မြင်ဘူးဗျ။”

မိုးလေ၀သ ပညာရှင်တွေကလည်း ပြောနေဆိုနေကြတယ်။ အခု တကယ်လည်း ကြုံနေရပြီ။ ဆရာတို့ ပြောဆိုပုံတွေအရဆိုရင် လာမယ့် လတွေမှာ ရေကြီးမုန်တိုင်းဝင်ပြီး ဒီထက် ဆိုးလာနိုင်တဲ့ အခြေအနေတွေလည်း တွေ့နေရတာတွေ ရှိတယ်။ ဆိုတော့ အဲဒီဟာတွေကို ပြည်ထောင်စုအဆင့် အစိုးရတွေက ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့၊ ညွှန်ကြားတာတွေ ဘာလို့ မလုပ်သေးတာလဲ။

“ကျနော်ပြောတဲ့အထဲမှာ ပါသွားတယ်လေ။ good management နဲ့ must participation ဆိုတာပါပဲ။”

ဆိုလိုတာက တချို့တွေ ပြည်နယ်တိုင်းအဆင့်လိုမျိုးပေါ့။ ဗဟိုကနေ တိုက်ရိုက်ညွှန်ကြားပြီး အရေးပေါ် ညွှန်ကြားတော့မယ်ဆိုရင် ထိရောက်မလားလို့ပါ။

“မှန်တာပေါ့။ သိပ်ဟုတ်တာပေါ့။ အဲဒီဟာ ပါကိုပါမှ ရမှာ။ မပါလို့ မရဘူး။ ခင်ဗျားမေးခွန်းကို တိုက်ရိုက်ကြီး မဖြေနိုင်တာက ကျနော်က အပြင်ရောက်နေတဲ့သူလေ။ ဘာတွေ လုပ်ထားလဲဆိုတာ ကျနော်က သိပ်မသိဘူးလေ။ သို့သော်လည်း ကျနော့်အမြင်အရတော့ ကျနော်သိသလောက် ပြောရရင် လုပ်ဖို့ အများကြီး လိုအပ်ပါတယ်။”

အခုလက်ရှိကို မေးပါရစေ။ အခု မြစ်လေးစင်း ရေကြီးနေတဲ့ မြို့ငါးမြို့လည်း ဆိုးဆိုးဝါးဝါး ခံနေရတယ်။ တချို့နေရာတွေလည်း ကျောင်းတွေ ပိတ်ထားရတယ်။ အဲဒါတွေက ဒီမြစ်ရေကြီးမှုက ဘယ်ထိ သွားနိုင်လဲဗျ။

“ကံတရားပေါ် မူတည်တယ်ဗျ။ ရေကြီးကာလက မကုန်သေးဘူး။ ၁ ကြိမ်ကျန်သေးတယ်၊ အောက်တိုဘာကျန်သေးတယ်။ စက်တင်ဘာ၊ အောက်တိုဘာ ကျန်သေးတယ်။ အဲမှာ ရေကြီးအောင်၊ ရေများအောင်လုပ်မှာ ၂ ခုပေါ့၊ တခုက မုတ်သုံ၊ တခုက မုန်တိုင်း။ မုတ်သုံက အစဉ်အလာအတိုင်းပဲ၊ အချိန်တန်ရင် ထွက်မှာပဲ၊ စက်တင်ဘာလဆိုထွက်မှာပဲ။ တခုရှိတာက အခုအချိန်ထိ ဘာမှမဖြစ်သေးဘဲ တင်းခံနေတာ မုန်တိုင်းပဲ။ မုန်တိုင်းကတော့ ရေကြီးကာလဖြစ်တဲ့ အောက်တိုဘာမှာ ဖြစ်မယ့်သဘောကတော့ တော်တော်လေးကို များတယ်။ ဘင်္ဂလားပင်လယ်အော်မှာ အောက်တိုဘာ မုန်တိုင်းဖြစ်ရင် ကျနော်တို့ဆုတောင်းရမှာက ကျနော်တို့ကို သက်ရောက်မှုမဖြစ်တဲ့ ဧရိယာပေါ့၊ ဥပမာ သီရိလင်္ကာဘက်တို့၊ အိန္ဒိယတောင်ပိုင်းတို့ ဖြစ်ရင် ကျနော်တို့သက်သာမယ်။ သို့သော် ကျနော်တို့နဲ့ ပတ်သက်တဲ့ ဧရိယာအတွင်းမှာ ဖြစ်မယ်ဆိုရင် မုန်တိုင်းမိုး ကျနော်တို့ရမယ်။ ဒါကိုမှ ထပ်ကံဆိုးပြီး အရှေ့ဘက်က တိုင်ဖွန်းမုန်တိုင်းလာတာနဲ့များ သွားတိုက်ဆိုင်ရင် အဲ့တချိန်ကြောက်ရပါတယ်။

“နောက် ၁ ကြိမ်က စက်တင်ဘာလမှာ မုတ်သုံဆုတ်ရင် မိုးရွာတတ်တယ်။ အဲတော့ ၃ ကြိမ်ပေါ့။ မုတ်သုံရွာတဲ့မိုးရယ်၊ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်လို့ ရွာတဲ့မိုးရယ်၊ အရှေ့ဘက်က တိုင်ဖွန်းအကြွင်းအကျန်ကြောင့် ရွာတဲ့မိုးရယ် ဒီ ၃ ခု ကြုံကြိုက်တဲ့အခါတော့ ရေကြီးမှုက အောက်တိုဘာအထိ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ရေကြီးမှုက ၃ ကြိမ်ရှိတော့ အောက်တိုဘာမှာ ရေကြီးမှုက ရှိကို ရှိဦးမှာပါ။ အတိုင်းအတာတခုတော့ ရှိမှာပဲ။ ပျက်စီးမှု များ မများသာ ကံပေါ်မှာ မူတည်ပါတယ်။”

ဘယ်မြစ်တွေကြီးနိုင်ပြီး ဘယ်မြို့တွေ သတိထားသင့်ပါလဲ ဆရာ။

“အဓိကကတော့ အခု လောလောဆယ်မှာ သေချာတာကတော့ မြစ်ဝကျွန်းပေါ်နဲ့ မွန်၊ ကရင်ပေါ့။ စစ်တောင်းတို့ သံလွင်တို့၊ ပဲခူးတိုင်းကမြစ်တွေ၊ ဧရာဝတီတိုင်းကမြစ်တွေ ကတော့ သေချာသလောက်ကို ရှိပါတယ်။ ”

ဒေသကပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တာလေးတွေကို မိုးလေ၀သပညာရှင် တဦးအနေနဲ့ ပြောပြပေးပါ။

“နံပါတ် ၁ ကတော့ အခြေအနေနဲ့ သတင်းကို အမြဲစိတ်ဝင်စားဖို့လိုပါတယ်။ ကျနော်တယောက်တည်းက ပြောတဲ့ သတင်းတွေလည်း တော်တော်များနေပါတယ်။ FM တွေလည်း ပြောနေပါတယ်။ ဂျာနယ်တွေလည်း ပြောနေပါတယ်။ SkyNet ကနေလည်း နေ့တိုင်းလွှင့်တဲ့ သတင်း ကျနော်လုပ်နေပါတယ်။ သတင်းအချက်အလက်တွေကတော့ အရင်ကထက်ပိုပြီး ရနိုင်ပါတယ်။ အရင်ကထက် source တွေများပါတယ်။ ပြည်သူကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲပေါ့ဗျာ။ ၂ လ ဂရုစိုက်ပေးချင်တယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလပါပဲ။ ဒါပြီးရင်တော့ ရေကြီးရင်လုပ်ရမယ့် အချက်လေးတွေ အကြမ်းအားဖြင့်ရှိပါတယ်။ အသေးစိတ်ပြောနေရင်တော့ များသွားမယ် လေ့လာရှာဖတ်ရှုလို့ရပါတယ်။ ကျနော်ပြောချင်တာကတော့ အချိန်နဲ့တပြေးညီ ထုတ်ပြန်နေတဲ့ သတင်း၊ သတိပေးချက်ကိုတော့ နံပါတ် ၁ အရေးကြီးဆုံးအချက်အနေနဲ့ အမြဲတမ်းသိနေအောင်လုပ်ဖို့နဲ့ အနည်းဆုံးလာမယ့် စက်တင်ဘာ၊ အောက်တိုဘာ ၂ လကိုတော့ အထူးဂရုစိုက်ဖို့လိုတယ်လို့ပဲ ခပ်တိုတိုပြောရရင် အဲ့ ၂ ချက်ပဲ ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013