DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့တွင် ရုတ်တရက်ရေကြီး လူနေအိမ်နှင့် စာသင်ကျောင်းများပျက်စီး
DVB
·
October 2, 2018
တောင်ကြီးမြို့တွင် ရုတ်တရက်ရေကြီး လူနေအိမ်နှင့် စာသင်ကျောင်းများပျက်စီး
1 / 4
Donate to DVB

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ မနေ့ ညနေပိုင်းက မိုးသည်းထန်စွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံတာကြောင့် လူနေအိမ်၊ စာသင်ကျောင်းနဲ့ အဆောက်အဦတချို့ ပျက်စီးခဲ့ပါတယ်။

မနေ့မွန်းလွဲ ၁ နာရီက မိုးတွေစရွာလာပြီး အချိန် ၁ နာရီခွဲလောက် ကြာမြင့် လာတော့ အနိမ့်ပိုင်းရပ်ကွက်ထဲရေတွေ စ၀င်လာကာ ချမ်းမြသာစည်၊ စိန်ပန်း၊ ရွှေတောင်၊ စ၀်စံထွန်း၊ အေးသာယာ (၁) စတဲ့ ရပ်ကွက် ၅ ခုက အိမ်ခြေအလုံး ၆၀ ထဲ ရေတွေ ၀င်ရောက်လို့ အိမ်ထောင်စု ၁၈ စုကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ရှမ်းပြည်နယ် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“မိုးကတစ်နာရီခွဲကြာရွာပြီး ညနေ ၃ နာရီကျော်ကျော်လောက်မှာတော့ ရပ်ကွက်ထဲ ရေတွေစပြီး ၀င်လာပါတယ်။ အမြင့်ပိုင်းရပ်ကွက်က ရေတွေ အနိမ့်ပိုင်းကိုစီးတဲ့အခါမှာ ဒယ်အိုး လိုပုံစံဖြစ်ပြီးတော့ နိမ့်တဲ့နေရာတွေမှာ ရေ၀ပ်သွားတာပါ။ ရေ၀င်တဲ့ရပ်ကွက် ၅ ခုရှိတယ်။ ရွှေ့ပြောင်းရတဲ့အိမ်က ၁၈ လုံး၊ ကယ်ဆယ်ရေးစခန်းတော့ မဖွင့်ရပါဘူးခင်ဗျ။ အမြင့်ပိုင်းက နီးစပ်ရာဆွေမျိုးသားချင်းအိမ်ဆီ ခဏရွှေ့နေကြတာပါ။ ညနေ ၆ နာရီလောက်တော့ ရေက တဖြည်းဖြည်းပြန်ကျတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ အားလုံးနီးပါး ပြန်ကျသွားပါပြီ။ ဒါပေမယ့် အပျက်အစီးတော့ရှိတယ်ပေါ့နော်။”

ရေကြီးမှုကြောင့် အ.ထ.က ၇ ကျောင်း အုတ်တံတိုင်းနဲ့  စ၀်စံထွန်း ရပ်ကွက်ထဲက အိမ် ၂ အိမ်လည်း အုတ်နံရံ ပြိုကျခဲ့ပြီး အေးသာယာမြို့သစ်မှာ အိမ်မှာ မွေးထားတဲ့ ကြက်နဲ့ ၀က်တွေ၊ အိမ်အသုံးအဆောင်ပရိဘောဂတွေလည်း ရေထဲမျှောသွားပါတယ်။

တန်ဖိုး ကျပ် ၅ သိန်းလောက် ဆုံးရှုံးမယ်လို့ ခန့်မှန်းပြီး တောင်ကြီးတမြို့လုံးက အပျက်အစီးအနေနဲ့တော့ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးမယ်လို့ ခန့်မှန်းပါတယ်။

အေးသာယာမြို့ကနေ တောင်ကြီးသို့အတက်အဆင်း တောင်ပေါ်လမ်းမှာလည်း တောင်ကျရေတွေစီးပြီး သစ်ကိုင်းတွေ ကျိးကျတာကြောင့် အချိန်တစ်နာရီကျော် ယာဉ်ကြော ပိတ်ဆို့ခဲ့တယ်လို့  ခရီးသွားတဦးက ပြောပါတယ်။

တောင်ကြီးမြို့မှာ ယခင်နှစ်တွေကလည်း မိုးကြီးရေလျှံတာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဒီတခေါက်တော့ အခြေအနေပိုဆိုးလာကြောင်း၊ မိုးဆက်တိုက်ရွာသွန်းပြီး စီးလာတဲ့ရေက များကာ ပြန်ထွက်တဲ့ရေက နည်းတာကြောင့် ရေ၀ပ်ခြင်းဖြစ်ကြောင်း၊ အဓိကမှာ ရေနှုတ်မြောင်း တွေ ကျဉ်းမြောင်းခြင်း၊ မြေအောက်ပိုက်လိုင်း၊ ရေစီးရေလာစနစ် အားနည်းခြင်းတွေကြောင့် ဖြစ်ကြောင်း၊ လောလောဆယ် အဲဒီအခြေအနေတွေကို ကွင်းဆင်းစစ်ဆေးနေပြီး သက်ဆိုင်ရာ ကိုတင်ပြကာ အမြန်ဆုံးပြုပြင်ဆောက်လုပ်သွားမယ်လို့  ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြော ပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံး မှုစာရင်း အစီရင်ခံစာတော့ တက်မလာသေးဘူးလို့ ရှမ်းပြည်နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနက ပြောပါတယ်။

ဓာတ်ပုံ - နီလာဝင်းထွန်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013