DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် ကျောင်းများ ပိတ်ထားရ
DVB
·
August 16, 2012
ရေကြီးမှုကြောင့် ကျောင်းများ ပိတ်ထားရ
Donate to DVB

ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ မိုးသည်းထန်းစွာ ရွာသွန်းနေမှုကြောင့် မြစ်ရေတွေလျှံပြီး ရေကြီးမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် (ဓာတ်ပုံ-မင်းမင်းထွဋ်)

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် င၀န်မြစ် ရေလျှံတဲ့အတွက် မြို့လယ်ခေါင်ကလွဲပြီး ရပ်ကွက် အတော်များများ ရေကြီးနေတယ်လို့ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေက ပြောပါတယ်။
မြို့စွန်မှာရှိတဲ့ မနော်ဟရီ၊ ရွှေတဆုပ် စတဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ အဆိုးဆုံး ဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ မေတ္တာရိပ်လူမှုရေးအဖွဲ့က ကိုဇော်ထွန်းက ပြောပါတယ်။

“ရေနစ်တဲ့ရပ်ကွက်တွေက ဆင်းရဲသား တိုးချဲ့ရပ်ကွက်တွေ၊ အနိမ့်ပိုင်းတွေပေါ့။ အခုလိုရေကြီးတဲ့နှစ်ကျတော့ အကုန်လုံး အိမ်တွေပါမြုပ်ကုန်ပြီ။ အိမ်တွေရဲ့ပေါင်လည်လောက်အထိ ရောက်တယ်။ မနော်ဟရီ ဆိုရင် အိမ်တွေ မြုပ်ကုန်လို့ နေစရာမရှိတော့ဘူးလို့ လာပြောကြတယ်။”

ရေဘေးသင့်အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်ရှိတယ်လို့ ပုသိမ် ပွင့် လင်းလူ့အဖွဲ့အစည်းက ကိုဝေဌုက ပြောပါတယ်။

ရေဘေးသင့်သူတွေကို မြို့အုပ်ချုပ်ရေးအဖွဲ့၊ နိုင်ငံရေး ပါတီတွေ၊ လူမှုရေး အသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပြီး ဆန်နဲ့ ဆေးဝါး လိုအပ်နေတယ်လို့ သိရပါတယ်။ ပုသိမ်မြို့မှာ အခြေခံပညာ ကျောင်းအားလုံး ဗုဒ္ဓဟူးနေ့ ညနေပိုင်းကစပြီး ပိတ်ထားလိုက်ရပြီလို့ မြို့ခံတွေက ပြောပါတယ်။

အလားတူ ပဲခူးတိုင်း မဒေါက်နဲ့ ရွှေကျင်မြို့နယ်တွေမှာ မြို့တွင်းအပါအ၀င် ကျေးရွာတွေမှာ ရေကြီးရေလျှံမှု ဖြစ်နေတာ ၁ လလောက်ရှိပြီဖြစ်တဲ့အတွက် ဒေသခံလူထုဟာ လယ်တွေ စိုက်ပျိုးမရသလို စားဝတ်နေရေး အခက်အခဲ ကြံနေရပြီး ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရေဘေးကယ်ဆယ်ရေးစခန်းမှာနေတဲ့ သူတွေအတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ရွှေကျင်မှာ ရပ်ကွက် ၈ ခုရှိတဲ့က ၆ ခု ရေမြုပ်နေတယ်။ ရွှေတောင်ဦး ဘုရားကုန်းမြေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတယ်။ ဒုက္ခသည်အားလုံး ၁၇၀၀ ကျော်ကျော်ရှိတယ်။ သူတို့အတွက် စားရေးသောက်ရေးအပြင် သောက်သုံးရေ ပြဿနာ၊ အညစ်အကြေးစွန့်တဲ့ ပြဿနာ၊ အဲဒါတွေကြောင့်ပဲ အအေးမိပြီး ဖျားနာတဲ့ ကလေးတွေရှိတယ်။ ၀မ်းပျက်ပြီး ၀မ်းသွားတဲ့ကိစ္စလည်းရှိတယ်။ ဒေသခံတွေနဲ့ ဌာနဆိုင်ရာက ကူညီတဲ့လူတွေဆီက စားစရာ၊ ထမင်းထုပ်တွေ ဒီအပေါ်မှာပဲ မှီခိုနေရတယ်လေ။ လယ်သမားတွေဆိုရင် လယ်တွေမြုပ်ကုန်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်လို့ ဘာမှလုပ်လိုမရဘူး။ ရေဘေးဒုက္ခသည်တွေတင် မဟုတ်ဘူး။ ကုန်းလွတ်တဲ့နေရာက သာမန်ပြည်သူတွေလည်း စားဝတ်နေရေး အကျပ်အတည်းတွေ အများကြီး ဖြစ်နေတယ်။”

ပဲခူးတိုင်း သနပ္ပင်မြို့နယ်မှာဆိုရင်လည်း မြို့နယ်တခုလုံး ရေလွှမ်းတဲ့အတွက် ကျောင်းအားလုံး ပိတ်ထားတာ နှစ်ပတ်လောက်ရှိနေပြီလို့ ရေဘေးကယ်ဆယ်ရေး သွားလုပ်နေတဲ့ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။

“သနပ္ပင်မြို့နယ် တခုတည်းမှာတင်ကို ဧက ၁ သိန်းဝန်ကျင်လောက် မြုပ်တယ်။ သနပ္ပင်အောက်ဘက်က က၀မှာလည်း သနပ္ပင်လိုပဲ မြုပ်တယ်။ သနပ္ပင်ကတော့ ပိုဆိုးတာပေါ့ ချိုင့်ဝှမ်းလို ဖြစ်နေတာလေ။ အဲဒီမှာ လူတွေက မြို့ပေါ်က ကျောင်းမှာနေတယ်။ နေ့ဘက်အလုပ်သွားတယ်။ ညဘက် ကျောင်းမှာလာအိပ်တယ်။ ရွာတွေ တော်တော်များများ မြုပ်တယ်။ ကျောင်းတွေအားလုံးလည်း ပိတ်ထားတယ်။ တချို့ကျောင်းတွေထဲလည်း ရေတွေဝင်တယ်။”

ကရင်ပြည်နယ် ဘားအံမြို့ဘက်မှတော့ သံလွင်မြစ်ရေတက်မှုကြောင့် ရေလွတ်ရာ ထွက်ပြေး ခိုလှုံနေကြတဲ့ ဒေသခံတွေ ခုချိန်ထိ အိမ်မပြန်နိုင်သေးပါဘူး။ ရေကြီးရပ်ကွက်က ပိတ်ထားရတဲ့ကျောင်းတွေအတွက် ဆရာ၊ ဆရာမတွေက ကယ်ဆယ်ရေး စခန်းအထိ ကလေးတွေကို စာသင်ပေးတဲ့အတွက် ကျောင်းအခက်အခဲ မရှိဘူးလို့ ဘားအံမြို့ခံက ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းကတော့ တောင်ကျရေကြောင့် ဘားအံ-ကော့ကရိတ် လမ်းပိုင်းမှာ သွားလာမှု ရပ်ဆိုင်းခဲ့ပြီး ကုန်အသွားအလာ တန့်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ သွားလာလို့ရပြီလို့ မြို့ခံစီးပွားရေးသမား တဦးက ပြာပါတယ်။

မြန်မာနိုင်ငံမိုးလေ၀သဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ မြစ် ၄ စင်း ရေကြီးနေတာကြောင့် မြို့ ၅ မြို့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေကြောင်း သိရပါတယ်။ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၂ ပေခွဲကျော်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၁ ပေခွဲခန့်၊ င၀န်မြစ်ရေဟာ ငသိုင်းချောင်းမြို့မှာ ၂ ပေခွဲခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမှာ ၁ ပေကျော်နဲ့ မဒေါက်မှာ ၄ ပေခွဲခန့် အဲ့ဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေကြပါတယ်။
ဩဂုတ် ၁၆ ရက် မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ တနိုင်ငံလုံး နေရာအနှံ့ မိုးရွာသွန်းနိုင်ပြီး၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013