DVB Logo
Home
မြန်မာသတင်း
မဲဆွယ်အပြုံး သရော်စာအမှု မီဒီယာဥပဒေဖြင့် စွဲချက်တင်
DVB
·
October 1, 2018
မဲဆွယ်အပြုံး သရော်စာအမှု မီဒီယာဥပဒေဖြင့် စွဲချက်တင်
Donate to DVB

တနင်္သာရီ ဂျာနယ်မှာ ‘မဲဆွယ်အပြုံး’ ဆိုပြီးသရော်စာဖော်ပြခဲ့မှုနဲ့ပတ်သက်လို့ ဒီနေ့ ထားဝယ်မြို့နယ်တရားရုံးက သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ) နဲ့ စွဲချက်တင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

လာမယ့် အောက်တိုဘာ ၁၅ ရက် ရုံးချိန်းမှာ ပြန်ခေါ်သက်သေအဖြစ် တရားလိုပြ သက်သေတဦးကို ပြန်စစ်ဆေးဖို့ရှိနေပါတယ်။

ဒီလိုစွဲချက်တင်လိုက်တဲ့အပေါ် တနင်္သာရီအပတ်စဉ် ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က “ဒါကတော့ သက်ဆိုင်ရာအစိုးရအနေနဲ့ ၀န်ကြီးချုပ်အနေနဲ့ မီဒီယာရဲ့ သဘောသဘာဝ၊ သရော်စာရဲ့သဘောသဘာဝ၊ ရသစာပေရဲ့ သဘောသဘာဝ၊ မီဒီယာတွေရဲ့ လုပ်ပုံလုပ်နည်း အဲဒါကို နားမလည်လို့ ဒီလိုမျိုးတရားစွဲတဲ့ အဆင့်အထိ လုပ်လာတာလို့ ကျနော်မြင်တယ်လေ။ အဲတော့ အစိုးရအဖွဲ့အစည်း၊ သက်ဆိုင်ရာ အစုအဖွဲ့   နိုင်ငံမှာ တစုံတရာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အစုအဖွဲ့တွေအနေနဲ့လည်း အခုစွဲချက်တင်လိုက်တဲ့ကိစ္စက သက်သေပြ တာပေါ့လေ။ အခုနက သဘောသဘာဝတွေအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် နားလည် သဘာပေါက်မှု အားနည်းသေးတယ်လို့ မြင်တယ်။ ” လို့ပြောပါတယ်။

မီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) မှာ မည်သည့် သတင်းမီဒီယာသမားမဆို ပုဒ်မ ၉ ပါ တာဝန်နဲ့ ကျင့်ဝတ်တစ်ရပ်ရပ်ဖြင့် ပြစ်မှုကျူးလွန်ကြောင်  ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင်ဆိုပြီး ပုဒ်မ ၉ ကို ရည်ညွန်းထားတာပါ။

သတင်းမီဒီယာ ဥပဒေပုဒ်မ ၉(ဆ)မှာတော့ အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် သတင်းရေးသားခြင်းမျိုးမဟုတ်လျှင် ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုးဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်းထားပါတယ်။

သတင်းမီဒီယာဥပဒေပုဒ်မ-၉ (ဆ)ကို ဖောက်ဖျက်ပါက ပုဒ်မ- ၂၅ (ခ) အရ ဒဏ်ငွေ အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံရမှာဖြစ်ပါတယ်။

၂၀၁၇ နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီအပတ်စဉ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ကလောင်ရှင်မူးဆေးအိုရဲ့ မဲဆွယ်အပြုံးခေါင်းစဉ်နဲ့ ရေးသားခဲ့တဲ့ သရော်စာဟာ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ဆိုပြီး တိုင်းအစိုးရအဖွဲ့ရုံး ဒုညွန်ကြားရေးမှူးက ထားဝယ်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

တနင်္သာရီအပတ်စဉ်ဂျာနယ်ဟာ တနင်္သာရီတိုင်းအခြေစိုက် ဖြန့်ဝေတဲ့ အပတ်စဉ်ထုတ် သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်းမှာ အစိုးရသစ်က မီဒီယာကို ပထမဆုံးစွဲဆိုတဲ့ အမှုဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013