DVB Logo
Home
မြန်မာသတင်း
ဒေါ်လာပွဲစား ၅ ဦးကို စသုံးလုံးဖမ်းမိ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူရန်ပြင်ဆင်
DVB
·
October 1, 2018
Donate to DVB

ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေါ်လာပွဲစားတဦး လာရောက်အဖမ်းခံတဲ့အတွက် အမှုတွဲမှာ ပါဝင်တဲ့ ၅ ဦး စလုံးကို အထူးစုံစမ်းစစ်ရေးဦးစီးဌာန (စစစ) က ဖမ်းမိသွားပြီလို့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောပါတယ်။

အမှုတွဲဟာ စစ်ဆေးနေဆဲဖြစ်တာကြောင့် ဆက်စပ်တရားခံတွေရှိလာခဲ့ရင်လည်း ဖမ်းဆီးသွားမှာဖြစ်ပြီး လက်ရှိမှာ တရားရုံးတင်နိုင်အောင် အမှုတည်ဆောက်နေတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းမှာရွှေဈေးနဲ့ ဒေါ်လာဈေးကို မြင့်တက်သွားအောင်ဈေး ကစားနေသူတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့  သက်ဆိုင်ရာက လိုက်လံ ဖမ်းဆီးအရေးယူနေတာပါ။

နိုင်ငံခြားငွေဒေါ်လာကို တရားဝင်လိုင်စင်မရှိဘဲ အရောင်းအ၀ယ်ပြုလုပ်တာတွေ သတ်မှတ်စည်းကမ်းနဲ့ မညီဘဲ အရောင်းအ၀ယ်ပြုလုပ်မှုတွေ ရှိလာရင်လည်း အရေးယူနိုင်တယ်လို့ စသုံးလုံးက ဆိုပါတယ်။

စသုံးလုံးကဒေါ်လာနဲ့ ရွှေအရောင်းအ၀ယ်သမား ၅ ဦးကို ဖမ်းဆီးထားတဲ့အတွက် ပြင်ပဒေါ်လာ အရောင်းအ၀ယ်ဈေးကွက် ပိတ်ထားဆဲဖြစ်ပြီးတော့ ရန်ကုန်ရွှေဈေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကိုးသိန်းနှစ်သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

ရွှေအသင်းရုံးမှာ တိုက်ရိုက်ငွေလက်ငင်း အကျေစနစ်နဲ့ အရောင်းအ၀ယ်လုပ်နေကြတဲ့ အပြင် လေရောင်းလေ၀ယ်၊ ရွှေပါတ်ကားကစားတဲ့သူတွေလည်း မရှိတော့ဘူးလို့ ရွှေဆိုင်ပိုင်ရှင်တွေက ဆိုပါတယ်။

ဒေါ်လာကိုတော့ တရားဝင်ငွေလဲကောင်တာတွေမှာ အရောင်းအ၀ယ်ပြုလုပ်နေပြီးတော့ ဗဟိုဘဏ်ပေါက်ဈေးကတော့ အမေရိကန် တစ်ဒေါ်လာကို ၁၅၆၀ ကျပ်ဝန်းကျင်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013