DVB Logo
Home
မြန်မာသတင်း
လှိုင်းဘွဲ့မြို့နယ်တွင် ဘိလပ်မြေစက်ရုံတည်ဆောက်မှု ဒေသခံများ သဘောတူ
DVB
·
October 1, 2018
လှိုင်းဘွဲ့မြို့နယ်တွင် ဘိလပ်မြေစက်ရုံတည်ဆောက်မှု ဒေသခံများ သဘောတူ
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ဘိလပ်မြေစက်ရုံတည်ဆောက်ရာမှာ ပွင့်လင်းမြင်သာမှု တွေရှိပြီး ဒေသဖွံ့ဖြိုးလာမယ် ဆိုရင်  ဒေသခံ ရွာသားတွေအနေနဲ့ ကန့်ကွက်စရာ မရှိကြောင်း မနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

လှိုင်းဘွဲ့မြို့နယ် ရင်းပိုင်းကျေးရွာမှာ ၁ ရက်ကို တန်ချိန် ၁ သောင်း ထွက်ရှိမယ့် ဘိလပ်မြေစက်ရုံတည်မယ့်အပေါ် စီမံကိန်းနယ်မြေရှိ ကျေးရွာ ၁၂ ရွာက ပြည်သူတွေကို ရတနာစိုင်းကောင်းမြတ်ကျော်ကုမ္ပဏီ တာဝန်ရှိသူတွေ၊ နယ်ခြားစောင့်တပ် ဗဟိုကွပ်ကဲရေး အဖွဲ့တာဝန်ရှိသူတွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)တို့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

လှိုင်းဘွဲ့မြို့နယ် ရင်းပိုင်းကျေးရွာမှာ မနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး အစည်း အဝေး တက်ရောက်လာတဲ့ ဒေသခံ ၁၀၀ ကျော်ကတော့ သူတို့ဒေသဖွံ့ဖြိုးပြီး ပွင့်လင်းမြင်သာမှု ရှိမယ်ဆိုရင် ကန့်ကွက်စရာမရှိကြောင်း လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ ဘိလက်မြေစက်ရုံ စီမံကိန်းနယ်ထဲပါတဲ့မြေတွေ ပိုင်ဆိုင်တဲ့သူတွေကို မြေဧရိယာ အလိုက် ကုမ္ပဏီမှ တန်ရာတန်ကြေး ပေးသွားမှာဖြစ်သလို နှစ်စဉ်ထွက်နှုန်းသီးနှံများရဲ့ တန်ဖိုးကိုလည်း ၁၀ နှစ်တိုင်တိုင် နှစ်စဉ်ပေးသွားမယ်လို့ ကုမ္ပဏီက ကတိပေးခဲ့ကြောင်း နယ်ခြားစောင့်တပ်က  ဗိုလ်မှူးသိန်းဇော်မင်းက ပြောပါတယ်။

“ကုမ္ပဏီက ပြောတာကတော့ ဒါတွေက လောလောဆယ် သူ့မြေကို ထိတဲ့အခါကျရင် ၁ ဧကဆိုရင်လည်း ၁ ဧက တန်ရာတန်ကြေးသူတို့ပေးမယ်။ ပေးပြီးတဲ့အပြင် ရွာသားတွေကို နစ်နာမှု မရှိစေအောင်ဆိုပြီး ၁၀ နှစ် အာမခံပေးပြီးတော့ တနှစ်ကို သူ့ရဲ့စပါး ၁၀၀ ထွက်တယ် ဆိုရင် ၁၀၀ အတိုင်းသူပေးမယ်။ ၅၀ ထွက်ရင်၊ ၅၀ အတိုင်းပေးမယ်လို့ သူတို့က အတည်ပြု ပြောတာပေါ့နော်။ ကျနော်တို့ရဲ့ နယ်ခြားစောင့်တပ်ရော၊ ကေအန်ယူအဖွဲ့ အစည်းကော ဒါသူတို့ ဘားအံမှာ ပဏာမ အစည်းအဝေးလုပ်တဲ့အခါမှာ သူတို့ပြောခဲ့တာပေါ့နော်။ ဒီမှာတော့ ဒေသခံ ပြည်သူတွေ ၁၂ ရွာရှိတယ်။ ၁၂ ရွာမှာ အိမ်ခြေပေါင်းက ၈၀၀၊ ၉၀၀ ပေါ့။ တက်ရောက်တဲ့သူက ၁၀၀၀ လောက်ရှိတယ်။ အားလုံးရဲ့ သဘောထားက သူတို့အနေနဲ့ လုပ်ငန်းကိုင်ငန်းတွေ ပွင့်လင်းမယ်။ နောက်ပြီးတော့ ဒေသလည်း ဖွံ့ဖြိုးလာမယ်ဆိုရင် သူတို့အနေနဲ့က ကန့်ကွက်စရာမရှိဘူး။”

ရင်းဘိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ တက်ရောက်လာကြတဲ့ဒေသခံတွေအနေနဲ့ လယ်ယာမြေ ဆုံးရှုံးနစ်နာကြေးအပြင် နှစ်စဉ် သီးနှံအဖိုးအခကိုပါ မစိုက်ပျိုးရဘဲ ရရှိမှာဖြစ်သလို ဒေသခံဝန်ထမ်း ၅၀၀၀ လောက် အလုပ်အကိုင်ရရှိနိုင်မှာဖြစ်တဲ့အတွက် သဘောတူ လက်ခံကြတာလို့ ရွာသား ဦးမောင်အုံးက ပြောပါတယ်။

“ကျနော်က ငှက်ပျောတောရွာကပါ။ သူ့ကုမ္ပဏီ လာလုပ်တာတော့ ၀မ်းသာတာပေါ့။ စီးပွားရေး တိုးတက်တာလည်း လုပ်တာပေါ့၊ ရွာသူရွာသားတွေအားလုံးကတော့ သဘောတူ တာပေါ့။ လိုချင်တာပေါ့။”

ဘိလပ်မြေစက်ရုံကို တည်ဆောက်မယ့် ရတနာစိုင်းကောင်းထက်ကျော်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းက ဒီစီမံကိန်းကိန်းကို နှစ် ၇၀ လုပ်ဆောင်မယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဆောင်ရွက်မယ့်ကာလကတော့ လက်ရှိမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ရဲ့ သက်တမ်းအတိုင်း ဖြစ်ပါတယ်။ သက်တမ်းကတော့ နှစ် ၇၀ ဖြစ်ပါတယ်။ ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုကတော့ တန် ၁ သောင်းတလိုင်းကို အမေရိကန်ဒေါ်လာ သန်း ၃၈၀ ခန့် ဖြစ်ပါတယ်။”

အဲဒီ ဘိလပ်မြေစက်ရုံကို နောက်ဆုံးပေါ်နည်းစဉ်နဲ့ တည်ဆောက်မှာဖြစ်တာကြောင့် ဘိလပ်မြေအတွက် ထုံးကျောက်ကြိတ်ခွဲစဉ်မှာ ထွက်ရှိတဲ့အပူကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ၁၅ မဂ္ဂါဝပ်ထွက်ရှိမယ့် စက်ရုံကိုပါ ပူးတွဲတည်ဆောက်သွားမှာပါ။

အဆိုပါ လျှပ်စစ်ဓာတ်အားဟာ ဒေသတခုလုံးကို လျှပ်စစ်မီးပေးနိုင်လောက်အောင် လုံလောက်မှာဖြစ်ပြီး ဒေသခံ ၅၀၀၀ လောက်ကိုပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေး နိုင်မယ်လို့ ကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013